ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အားကောင်းသည့် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲခဲ့ပြီး ၄ နာရီအတွင်း ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အားကောင်းသည့် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲခဲ့ပြီး ၄ နာရီအတွင်း ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်
Published 30 May 2018

ဓာတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အားကောင်းသော မုန်တိုင်းငယ်အဖြစ် ပြောင်းလဲခဲ့ပြီး ၄နာရီအတွင်း ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မေ ၂၉ ရက် ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ အနည်းငယ် ရွေ့လျားခဲ့ပြီး၊ အားကောင်းသော မုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ မာန်အောင်မြို့၏ အနောက်-အနောက်မြောက်ဘက် မိုင်(၄၀)ခန့်၊ စစ်တွေမြို့၏ တောင်ဘက် မိုင်(၇၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် (၄၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်း၊ အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသကို နောက် (၄) နာရီအတွင်း ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါသဖြင့် အနီရောင် အရေးပေါ် အခြေအနေဟု သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၉.ဝ)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၃.ဝ) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၂) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်း မှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်း ဖြစ်ကြောင်း၊အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် ယနေ့ညနေမှ နောက် (၄)နာရီအတွင်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသကို စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ ကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရကြောင်း၊ အားကောင်းသော မုန်တိုင်းငယ်(Deep Depression) သည် စစ်တွေမြို့နှင့် ကျောက်ဖြူ မြို့ကြားမှ ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀) အထိ တိုက်ခတ်နိုင်ပြီး၊ အားကောင်းသော မုန်တိုင်းငယ်(Deep Depression) ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ကမ်းရိုးတန်းဒေသ မာန်အောင်မြို့၊ ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့၏ ကမ်းခြေ ဒေသများတွင် (၆)ပေမှ (၈)ပေခန့်နှင့် ဧရာဝတီတိုင်းဒေသကြီးကမ်းခြေဒေသများတွင် (၃)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း မိုးဇလထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဓာတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ထို့ပြင် အားကောင်းသော မုန်တိုင်းငယ် (Deep Depression) ၏ အရှိန်ကြောင့် (၂၉.၅.၂၀၁၈) ရက်နေ့မှ (၃၁.၅.၂၀၁၈) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေါ်မည်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် (၂၄)နာရီအတွင်း (၇၇)မီလီမီတာ(၃-လက်မ)နှင့်အထက်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် (၃၈) မီလီမီတာ(၁.၅-လက်မ)နှင့် အထက် ရွာသွန်းနိုင်ကြောင်းသိရသည်။

ယင်းအပြင် မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၆)ပေခန့်ရှိနိုင်ကြောင်း၊ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ် များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိရန် မိုးဇလမှ ထုတ်ပြန်ထားသည်။

Most Read

Most Recent