ငြိမ်းချမ်းရေးဖော်ဆောင်မှု နှောင့်နှေးကြန့်ကြာနေရခြင်းဆိုသည့် အကြောင်းတရားသည် တပ်မတော်ကြောင့် မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပြောကြား

ငြိမ်းချမ်းရေးဖော်ဆောင်မှု နှောင့်နှေးကြန့်ကြာနေရခြင်းဆိုသည့် အကြောင်းတရားသည် တပ်မတော်ကြောင့် မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပြောကြား
Published 30 May 2018

မေ ၂၉ ရက်က ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်

ငြိမ်းချမ်းရေးဖော်ဆောင်မှု နှောင့်နှေးကြန့်ကြာနေရခြင်းဆိုသည့် အကြောင်းတရားသည် တပ်မတော်ကြောင့်မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန်  ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ပြောကြားသည်။

မေ ၂၉ ရက်က ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ကျော်ဟိုးက “ငြိမ်းချမ်းရေးဖော်ဆောင်မှု နှောင့်နှေးကြန့်ကြာနေရခြင်းဆိုတဲ့ အကြောင်းတရားသည် တပ်မတော်ကြောင့် မဟုတ်ပါဘူး။ ဒီအပေါ်မှာမူတည်ပြီးတော့ သူတို့တွေဟာ သူတို့ရရှိထားတဲ့ အခွင့်အရေးတွေပေါ့။ ရရှိထားတဲ့အခွင့်အရေးတွေ၊ သူတို့ရဲ့ လက်နက်စွဲကိုင်ပြီးတော့ တောင်းဆိုချင်တဲ့အချက်တွေ၊ အဲဒီအပေါ်မှာမူတည်ပြီးတော့ပဲ ကျွန်တော်တို့ ကြန့်ကြာနေရခြင်းဖြစ်တယ်လို့ ကျွန်တော်ထင်မြင်ယူဆပါတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ “ကျွန်တော်တို့အနေနဲ့ နှောင့်နှေးနေတယ်လို့တော့ မမြင်ပါဘူး။ ဒီအပေါ်မှာ ငြိမ်းချမ်းရေးရရှိဖို့အတွက်ကို ခုနပြောခဲ့တဲ့ ဒီ NCA လမ်းကြောင်းပေါ့။ NCA လမ်းကြောင်းပေါ်ကို ကျွန်တော်တို့ တကယ်လျှောက်လှမ်းမယ်ဆိုရင် ဒီငြိမ်းချမ်းရေးက မရစရာအကြောင်းဘာမှမရှိပါဘူး။ ဒီအပေါ်မှာ လျှောက်လှမ်းနိုင်ဖို့အတွက်ကိုလည်း ကျွန်တော်တို့ (၁) အချက်က တစ်ယောက်တစ်ယောက် ယုံကြည်မှုရှိရပါမယ်။ ရိုးသားမှု ရှိရပါမယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ အမြတ်မထုတ်ဖို့ လိုပါတယ်။ ဒီလိုသာခံယူထားမယ်ဆိုရင် ဒီဟာသည် နှောင့်နှေးနေစရာအကြောင်း မရှိပါဘူး။ ဒီအပေါ်မှာသွားနိုင်ဖို့လည်း ကျွန်တော်တို့က ငြိမ်းချမ်းရေးမူဝါဒခြောက်ရပ်ကိုလည်း ကျွန်တော်တို့ ချမှတ်ပေးထားပါတယ်။ ငြိမ်းချမ်းရေးမူဝါဒခြောက်ရပ်ကိုလည်း လေးစားလိုက်နာမယ်။ ကျွန်တော်တို့ပြောခဲ့သလို ဒီ NCA လမ်းကြောင်းပေါ်ကို မှန်မှန်ကန်ကန်နဲ့ လျှောက်လာမယ်။ လုပ်လာမယ်ဟေ့ဆိုရင် နှောင့်နှေးကြန့်ကြာစရာအကြောင်း မရှိပါဘူး။ ကျွန်တော်စပြီးရှင်းပြထားသလို NCA ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ လိုလားချက်မဟုတ်ဘဲနဲ့ ဒီတိုင်းရင်းသားအဖွဲ့တွေရဲ့ သူတို့တွေအချင်းချင်းတွေကိုကကို စုပေါင်းဆွေးနွေးပြီးတော့ လိုချင်တဲ့အချက်ကို ဘုံသဘောတူညီချက်တစ်ခု ဖြစ်အောင်အထိကို လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ ဒါထည့်သွင်းစဉ်းစားပေးဖို့ လိုပါလိမ့်မယ်”ဟု ၎င်းက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအား ကာကွယ်ရေးဝန်ကြီးဌာနက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး NCA လမ်းကြောင်းပေါ်မှ အကောင်အထည်ဖော်ဆောင်ရွက်လာသည့်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံပေါ်လာခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လှိုက်လှိုက်လှဲလှဲ ပါဝင်ဆောင်ရွက်ခဲ့သည့်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံပေါ်လာခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ၂၁ ပင်လုံဟု နာမည်ပြောင်းသော်လည်း တပ်မတော်၏သဘောထားသည် ဘာမျှပြောင်းလဲခြင်းမရှိကြောင်း ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ဆက်လက်ပြောကြားသည်။

မူဆယ်တိုက်ခတ်ခံရမှုဖြစ်စဉ်နှင့်  ကချင်ပြည်နယ်တိုက်ပွဲဖြစ်စဉ်များနှင့် တပ်မတော်၏ တန်ပြန်ဆောင်ရွက်မှုသည် ပြည်သူလူထု အားကာကွယ်ရန်၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားများမရပ်တန့်ရန်နှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ရန်အတွက် ကာကွယ်ရခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ဆိုသည်။

Most Read

Most Recent