၂၁ ရာစုပင်လုံတတိယအစည်းအဝေး ကျင်းပရေးနှင့်ပတ်သက်၍ အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တတိယအကြိမ် အလွတ်သဘောအစည်းအဝေး ယနေ့ ပြုလုပ်မည်

၂၁ ရာစုပင်လုံတတိယအစည်းအဝေး ကျင်းပရေးနှင့်ပတ်သက်၍ အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တတိယအကြိမ် အလွတ်သဘောအစည်းအဝေး ယနေ့ ပြုလုပ်မည်
Published 30 May 2018

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ - ရာစုပင်လုံ တတိယအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တတိယအကြိမ် အလွတ်သဘောအစည်းအဝေးကို ယနေ့ မေ ၃၀ ရက်တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိအမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောကြားသည်။

“ဆုံးဖြတ်ချက်တွေကိုတော့ ကျွန်တော်တို့ ပြောဖို့မရှိပါဘူး။ ဒါပေမဲ့ ဒီအလွတ်သဘော ဆွေးနွေးပွဲတွေကို ကျွန်တော်တို့ ဆက်သွားပါမယ်။ အဲဒီမှာ ဆက်လက်ပြီး ဆွေးနွေးသွားပါမယ်” ဟု အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောကြားသည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ အကြိမ် (၂၀) မြောက် အစည်းအဝေးကို မေ ၂၇ ရက်နှင့် ၂၈ ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်၌ ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် မေ ၁၈ ရက်နှင့် ၁၉ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော အစိုးရနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးအဖွဲ့တို့၏ ဒုတိယအကြိမ် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို ပြန်လည်ညှိနှိုင်းဆွေးနွေးသုံးသပ်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မည်ကဲ့သို့ အတူတကွ ရှေ့ဆက်အကောင်အထည်ဖော်ကြမည်ဆိုသည်ကို PPST အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသော်လည်း အဆိုပါ ဆွေးနွေးချက်များကိုမူ PPST အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အောင်မြင်မှု ရသင့်သလောက် မရရှိသေးခြင်းသည် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ယေဘုယျကြည့်ပါက တူသယောင်နှင့် ကွဲပြားမှုရှိသော ရည်မှန်းချက်ပန်းတိုင်ကိုယ်စီ ရှိခြင်းကြောင့် ဖြစ်သည့်အတွက် ဘုံသဘောဆန်သော ရည်မှန်းချက်များကို ရှာဖွေရမည်ဖြစ်သည်ဟု PPST အဖွဲ့ခေါင်းဆောင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကအကြိမ် (၂၀) မြောက် PPST အစည်းအဝေး အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။

ပြည်ထောင်စု၏ အစိတ်အပိုင်းမှန်သမျှသည် ပြည်ထောင်စုနယ်မြေမှ မည်သည့် အခါမျှ ခွဲမထွက်ရဟူသောအချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ - ရာစု ပင်လုံတတိယအစည်းအဝေး၏ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းတွင် အစိုးရနှင့်တပ်မတော်တို့က ထည့်သွင်းလိုသော်လည်း အဆိုပါအချက်နှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းမှု အဆင်မပြေဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ထည့်သွင်းရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက သဘောတူမှသာ တိုင်းရင်းသားများ လိုလားသည့် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ပါဝင်သော အချက်များကို ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်းတွင် ထည့်သွင်းပေးမည်ဖြစ်ပြီး အဆိုပါအချက်များနှင့်ပတ်သက်၍ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ညှိနှိုင်းမှုအဆင်မပြေသေးသည့်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ - ရာစု ပင်လုံတတိယအစည်းအဝေး မကျင်းပနိုင်သေးခြင်းဖြစ်ကြောင်း သိရသည်။

၂၁-  ရာစုပင်လုံ တတိယအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစိုးရ နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ဧပြီလ တွင် ပထမအကြိမ် အလွတ်သဘောဆွေးနွေးခဲ့ကြပြီး ယခုလ ၁၈ ရက်နှင့်  ၁၉ ရက်တွင် ဒုတိယအကြိမ်အလွတ်သဘော တွေ့ဆုံဆွေးနွေးထားသည်။

Most Read

Most Recent