ပုဂံဒေသရှိ ဟိုတယ်အခန်းခနှုန်းထားများမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းတို့ထက် နှစ်ဆဝန်းကျင် မြင့်တက်နေသည့်အတွက် ဈေးနှုန်းများ လျှော့ချရန်လိုအပ်ကြောင်း သုံးသပ်

ပုဂံဒေသရှိ ဟိုတယ်အခန်းခနှုန်းထားများမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းတို့ထက် နှစ်ဆဝန်းကျင် မြင့်တက်နေသည့်အတွက် ဈေးနှုန်းများ လျှော့ချရန်လိုအပ်ကြောင်း သုံးသပ်
Published 30 May 2018

ယခုနှစ်အတွင်း ပြည်ပခရီးသွားများအား ပုဂံမြို့ ဓမ္မရံကြီးဘုရားအနီး တွေ့ရစဉ်

ပုဂံဒေသရှိ ဟိုတယ်ခနှုန်းထားများမှာ အိမ်နီးချင်းနိုင်ငံများထက် နှစ်ဆဝန်းကျင် မြင့်တက်နေသည့်အတွက် ဟိုတယ်ခဈေးနှုန်းများ လျှော့ချရန်လိုအပ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပုဂံဇုန်မှ သိရသည်။

ပုဂံဒေသရှိ  ဟိုတယ်ခနှုန်းထားများမှာ တစ်ညလျှင် အနည်းဆုံး မြန်မာကျပ်ငွေသုံးသောင်းမှ အများဆုံး ကျပ်ရှစ်သိန်းခွဲထိပေါက် ဈေးရှိသည့်အတွက် ပြည်တွင်းပြည်ပခရီးသွားများ တည်းခိုရာတွင် ဈေးနှုန်းသက်သာမှု ရှိစေရန် ဟိုတယ်ခနှုန်းထားများကို လျှော့ချသင့်ကြောင်း သိရသည်။

“ပုဂံမှာရှိတဲ့ဟိုတယ်ခ တည်းခိုမှုဈေးနှုန်းတွေက တစ်နိုင်ငံလုံးမှာရှိတဲ့ ဟိုတယ်တွေထက် ဈေးနှုန်းတွေက များနေကြပါတယ်။ နိုင်ငံတွင်းသာမကဘူး။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဥပမာအားဖြင့် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေထက် နှစ်ဆဝန်းကျင်လောက်များနေတာကို တွေ့ရပါတယ်။ ဟိုတယ်တည်းခိုခတွေက များနေပေမယ့် ဇုန်ဝင်ကြေးတွေကကျတော့ နည်းနေပါတယ်။ အခုလက်ရှိ ပုဂံမှာ သတ်မှတ်ထားတဲ့ဇုန်ဝင်ကြေးက နိုင်ငံခြားသားတစ်ဦးကို နှစ်သောင်းခွဲကောက်ခံထားပါတယ်။ ဒါကြောင့် ပုဂံမှာရှိတဲ့ဟိုတယ် ခတည်းခိုမှုနှုန်းထားတွေကို လျှော့ချပြီး ဇုန်ဝင်ကြေးနှုန်းထားတွေကို အခုသတ်မှတ်ထားတဲ့ နှုန်းထားထက် တိုးမြှင့်ပြီး ကောက်ခံသင့်ပါတယ်” ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပုဂံဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပုဂံဒေသ၌ ဟိုတယ်အလုံးရေ ၈၅ လုံး အခန်းပေါင်း သုံးထောင်ခန့်နှင့် ဟိုတယ်ဇုန် လေးခုရှိသော်လည်း ဟိုတယ်များမှာ အသေးစား၊ အလတ်စားအဆင့်သာရှိနေသေးကြောင်း သိရသည်။

“ပုဂံဒေသက တခြားဒေသတွေနဲ့ယှဉ်ရင် နှစ်ဆလောက်ရှိတယ်။ ပြည်တွင်းအချင်းချင်း ယှဉ်ရင်တောင် နှစ်ဆလောက်ရှိတယ်။ နိုင်ငံခြားနဲ့ယှဉ်ရင်လည်း ဒီမှာက အများကြီး ဖြစ်နေတယ်။ အန်ကောဝပ်မှာ ဧည့်သည်ငါးသန်းလောက်လာတဲ့အချိန်မှာ သူတို့မှာ ဟိုတယ်တွေ တည်းခိုခန်းတွေက အများကြီးရှိတယ်။ ကျွန်တော်တို့ဆီမှာက သူတို့နဲ့ယှဉ်ရင် သိပ်မရှိဘူး။ ပုဂံမှာက ဟိုတယ်တည်းခိုခန်းတွေက အရေအတွက်သာများနေတာ။ အသေးစားနဲ့ အလတ်စားတွေလောက်ပဲရှိတယ်။ တကယ့်ကြီးကြီးမားမား အနေအထားကျတော့ မရှိဘူး။ Confrence Hall တွေ Convention တွေမရှိဘူး။ ဒီအနေအထားတွေက နိုင်ငံတကာနဲ့ယှဉ်မယ်ဆိုရင် မယှဉ်နိုင်တဲ့အခြေအနေတွေ ဖြစ်ပါတယ်။ Supply နဲ့ Demand လည်း မမျှတဘူးဖြစ်နေတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ “ပုဂံဘက်ကကျတော့ မိုးတွင်းလောက်ဆို သွားရလာရတာအဆင်ပြေတယ်။ နွေဘက်တွေမှာကျတော့ သွားလို့လာလို့ သိပ်မကောင်းတော့ ကမ်းခြေတွေလောက်ပဲ သွားဖြစ်တာများတယ်။ မိုးတွင်းကျတော့ ပုဂံဘက်က လည်လို့ပတ်လို့ အရမ်းကောင်းတယ်။ အေးအေးဆေးဆေးနဲ့ လေးငါးရက်လောက် အနည်းဆုံးနေမှ ပုဂံဘက်ခရီးထွက်ရတာလည်း တန်တာလေ။ ဒါပေမဲ့ ပုဂံဘက်က တည်းခိုရတာတော့ သိပ်အဆင်မပြေဘူး။ ဟိုတယ်ခတည်းခိုခန်းခတွေက ဈေးကြီးတယ်။ ရက်ကြာကြာနေလေ ကုန်ကျစရိတ်က ပိုတက်လေဆိုတော့ လည်စရာပတ်စရာတွေကို သုံးရက်လောက်နဲ့ အပြတ်ဖြတ်ရတာ ပိုများပါတယ်။ ကျွန်မတို့ခရီးသွားလုပ်ငန်းတွေဆိုလို့ရှိရင်လည်း Package စီစဉ်တဲ့အခါ ပုဂံဘက်ကို ညဉ့်အိပ်ညဉ့်နေရက် များများမစီစဉ်ဖြစ်တာ များပါတယ်။ Customer တွေအနေနဲ့လည်း တည်းခိုခန်းခဟိုတယ်ခမှာတင် ဝန်ဆောင်ခနှုန်းထားတွေက Package ထဲမှာ တစ်ခါတည်းပေါင်းတွက်ထားတာဆိုတော့ အများအဆင်ပြေစေမယ့် အနေအထားမျိုး လောက်ဈေးနှုန်းတွေနဲ့ပဲ စီစဉ်ပေးရတာတွေ များပါတယ်။ ခရီးသည်တွေအတွက် ဟိုတယ်ခ၊ တည်းခိုခန်းခတွေ လျှော့ချပေးနိုင်ရင်တော့ ပြည်တွင်းခရီးသွားတွေအတွက် ပါအများကြီး အကျိုးရှိစေနိုင်မှာပါ” ဟု ငွေလသာ ခရီးသွားလုပ်ငန်းမှ ဒါရိုက်တာ ဒေါ်နီနီစိန်ဝင်းက ပြောကြားသည်။

 

Most Read

Most Recent