၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေစာရင်းမှ ဖြတ်တောက်ခဲ့သော ကျပ်သိန်းပေါင်း တစ်သိန်းတစ်ထောင်ကျော်ကို မန္တလေးတိုင်းဒေသကြီး၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည်သုံးစွဲမည်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေစာရင်းမှ ဖြတ်တောက်ခဲ့သော ကျပ်သိန်းပေါင်း တစ်သိန်းတစ်ထောင်ကျော်ကို မန္တလေးတိုင်းဒေသကြီး၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည်သုံးစွဲမည်
Published 30 May 2018

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေရသုံးခန့်မှန်းခြေစာရင်းမှ ဖြတ်တောက်ခဲ့သော ငွေကျပ် သိန်းပေါင်းတစ်သိန်းတစ်ထောင်ကျော်ကို မန္တလေးတိုင်းဒေသကြီး၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည်သုံးစွဲမည်ဖြစ်ကြောင်း မေ ၂၉ ရက်ကပြုလုပ်ခဲ့သည့် တိုင်းလွှတ်တော်အစည်းဝေးမှ သတင်းရရှိသည်။

မေ ၂၂ ရက်က ပြုလုပ်ခဲ့သော မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် “မန္တလေးဒေသကြီးဘဏ္ဍာရန် ပုံငွေတွင်ပါဝင်သောဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိဖြစ်သော ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေေငွေစာရင်းကို တင်သွင်းခဲ့ရာ ကိုယ်စားလှယ် ၁၀ ဦးမှ ဆွေးနွေးခဲ့ကြသည်။

တင်သွင်းခဲ့သည့် ဘဏ္ဍာငွေစာရင်းများအနက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနများ၏ အသုံးစရိတ်ငွေ စုစုပေါင်းကျပ်သိန်း ၁၀၁၉၇၉ ဒသမ ၁၈၀ ကို တိုင်းဒေသကြီးလွှတ်တော်မှ ဖြတ်တောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြတ်တောက်ငွေ ကျပ်သိန်းပေါင်း တစ်သိန်းကျော်ကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သုံးစွဲသွားမည်ဖြစ်ရာ ကျေးလက်လမ်းများ ဖောက်လုပ်ခြင်းအတွက် ကျပ်သိန်း ၁၀၀၀၀၊ ကျေးလက်လျှပ်စစ်မီးရရှိရေးအတွက် ကျပ်သိန်း ၁၀၀၀၀၊ ပညာရေးနှင့် ကျန်းမာရေး လုပ်ငန်းများအတွက် ကျပ်သိန်း ၂၀၀၀၀၊ သဘာဝဘေးကူညီပံ့ပိုးနိုင်ရေးအတွက် ကျပ်သိန်း ၁၀၀၀၀၊ ကျေးလက်ဒေသများ သောက်သုံးရေရရှိရေးအတွက် ကျပ်သိန်း ၅၀၀၀၊ အားကစားကဏ္ဍအတွက် ကျပ်သိန်း ၅၀၀၀၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်  ကျပ်သိန်း ၅၀၀၀၊ နိုင်ငံဝန်ထမ်းများအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် ကျပ်သိန်း၂၃၄၆၉ ဒသမ ၁၈၀ လျာထားကြောင်း၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ စိစစ်ဖြတ်တောက်ခြင်းခံခဲ့ရသော အသုံးစရိတ်များနှင့်ပတ်သက်၍ မန္တလေးမြို့ ပေါ် လူနေရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ချမ်းမြသာစည်မြို့နယ်၊ ၆၅ လမ်းနှင့်ပြင်ဦးလွင် ရထားလမ်းဆုံအနီး၌ ရေဆိုးထုတ်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရန် ကျပ်သိန်း ၈၅၀၀၊ ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၄)ရေဆိုးထုတ် စက်ရုံဇောင်းကလောအနီးတွင် ရေဆိုးထုတ်ခြင်းနှင့် ဆက်စပ်လုပ်ငန်းဆောင်ရွက်ရန် ကျပ်သိန်း ၃၇၁၀၊ မင်္ဂလာမြောင်းအတွင်း ရေထိန်းတံခါးများတည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရန် ကျပ်သိန်း ၅၀၀၊ ပြည်ကြီးတံခွန်မြို့နယ် ရေဝင်ရပ်ကွက်များ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရန် ရေပိုထုတ်မြောင်းငယ်များတွင် ရေတံခါးများ တပ်ဆင်ခြင်းလုပ်ငန်းအတွက် ကျပ်သိန်း ၈၀၀ စသည့်အသီးသီး ပြန်လည်သုံးစွဲသွားရန် လျာထားချက်အဆိုကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ အဆိုတင်သွင်းခဲ့သည်။

ယင်းအဆိုကို လွှတ်တော်မှ သဘောတူ လက်ခံခဲ့သဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံး ခန့်မှန့်ခြေေငွေစာရင်းမှ ဖြတ်တောက်ခဲ့သည့် ငွေကျပ်သိန်းပေါင်း တစ်သိန်းကျော်ကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည်သုံးစွဲသွားမည်ဖြစ်ကြောင်း လွှတ်တော်မှ အတည်ပြုကြေညာခဲ့သည်။

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် ဌာနအသီးသီးမှ ငွေကြေးတောင်းခံမှုများအနက် စွန်ရဲအင်းသဲနုန်း ပြန်လည်တူးဖော်ရန် ငွေ ကျပ်သိန်းပေါင်းသုံးသောင်းကျော် တောင်းခံလာမှုကို လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးခဲ့ကြပြီး မဲခွဲဆုံးဖြတ်ရာတွင်လည်း ရှုံးနိမ့်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကလည်း အဆိုပါစွန်ရဲအင်းပြန်လည်တူးဖော် ရန်ငွေတောင်းခံလာမှုကို လွှတ်တော်ကိုယ် စားလှယ်များမှ လက်ခံခဲ့ခြင်းမရှိဘဲ ကန့်ကွက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent