ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသစ် ထွက်ပေါ်လာရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့်ညှိနှိုင်းထားပြီး မကြာမီပြဋ္ဌာန်းမည်

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသစ် ထွက်ပေါ်လာရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့်ညှိနှိုင်းထားပြီး မကြာမီပြဋ္ဌာန်းမည်
Published 30 May 2018

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသစ်ထွက်ပေါ်လာရန် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်မှုအဆင့်သို့ ရောက်ရှိပြီး မကြာမီပြဋ္ဌာန်းနိုင်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် မွေးဖွားမှုမှတ်ပုံတင် မရှိသည့်ကလေးငယ် တစ်သန်းကျော်ရှိနေပြီး  အရွယ်မတိုင်မီ ကလေးလုပ်သားအဖြစ် စေခိုင်းခံရခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများတွင် တပ်သားအဖြစ် ခေါ်ယူစုဆောင်းခံရခြင်း၊ ကလေးငယ်များအား လူကုန်ကူးခံရခြင်းနှင့် လက်ထပ်ထိမ်းမြားခံရခြင်းစသည့် အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ခြေများနေကြောင်း ယူနီဆက်(ဖ်)မှ သိရသည်။

မြန်မာနိုင်ငံရှိ ကလေးသူငယ်  ၁ ဒသမ ၆ သန်း (ကလေး ၁၀ ဦးတွင် သုံးဦး) မှာ မွေးစာရင်းမှတ်ပုံတင်မရှိဘဲ နေထိုင်လျက်ရှိပြီး ယင်းကလေးငယ်များမှာ ရွှေ့ပြောင်းလုပ်သား မိသားစုများမှ ကလေးသူငယ်များနှင့် မိဘနှင့် အတူမနေရသည့် ကလေးသူငယ်များဖြစ်ကြောင်း သိရသည်။

ကလေးငယ်များအနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးအထောက်အပံ့များကဲ့သို့ အရေးပါသည့်  ဝန်ဆောင်မှုများရရှိနိုင်ရန် မွေးဖွားမှုမှတ်ပုံတင်ခြင်းကို ပြုလုပ်ရန်လိုအပ်ကြောင်း၊ မွေးစာရင်းမှတ်ပုံတင် ကိုင်ဆောင်ထားခြင်းဖြင့် ကလေးသူငယ်အခွင့်အရေးများတွင် အပါအဝင်ဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများရရှိနိုင်သည့် အခွင့်အလမ်းများ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းနှင့် ကလေး၏ အသက်အရွယ်ကို အတည်ပြုနိုင်ခြင်းသည် ကလေးငယ်များအား ကလေးလုပ်သားအဖြစ် စေခိုင်းခံရခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများတွင် တပ်သားအဖြစ် ခေါ်ယူစုဆောင်းခံရခြင်း၊ ကလေးငယ်များ လူကုန်ကူးခံရခြင်းနှင့် လက်ထပ်ထိမ်းမြားခံရခြင်းတို့မှ ကာကွယ်ပေးနိုင်ရန် အဓိကကျသည့် အချက်တစ်ချက်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်မွေးဖွားသော ကလေးငယ်တိုင်းနီးပါးသည် မွေးဖွားမှုမှတ်ပုံတင်ရှိကြပြီး ဝေးလံခေါင်ဖျား ကျေးလက်ဒေသများတွင်မူ မွေးစာရင်းလက်မှတ် မရှိသည်ကို တွေ့ရှိရကြောင်းနှင့် ယူနီဆက် (ဖ်) သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှစ၍ ဥရောပ သမဂ္ဂရန်ပုံငွေအထောက်အပံ့ဖြင့် မွေးဖွားမှု မှတ်ပုံတင်ခြင်းစီမံချက်ကို မြန်မာအစိုးရနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အသစ်ပြင်ဆင်ရေးဆွဲထားသည့် ကလေးသူငယ်ဥပဒေတွင် ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အချက်အလက်များကို ထည့်သွင်းရေးဆွဲထားကြောင်း၊ ၁၉၉၃ ခုနှစ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ စတင်ပြဋ္ဌာန်းခဲ့သည့် ကလေးသူ ငယ်ဥပဒေကို လက်ရှိတွင် ပြင်ဆင်ဖြည့်စွက် ရေးဆွဲလျက်ရှိကြောင်းနှင့် အဆိုပါဥပဒေတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ကလေးသူငယ်၏ အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ကလေးသူငယ်၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ ကလေးသူငယ်မှုခင်းကို သီးခြားစစ်ဆေး စီရင်၍ ပြစ်မှုကျူးလွန်သော ကလေးသူငယ်၏ အကျင့်စာရိတ္တပြုပြင်ရေးကို ဦးတည်ဆောင်ရွက်ရန်ဟူ၍ ဥပဒေပါ ရည်ရွယ်ချက်တွင် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

Most Recent