၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ခန့်မှန်းခြေငွေစာရင်းလျာထားချက်မှာ မြို့နယ်အသီးသီးအတွက် မျှတမှုမရှိသောကြောင့်ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ်အချို့ ကန့်ကွက်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ခန့်မှန်းခြေငွေစာရင်းလျာထားချက်မှာ မြို့နယ်အသီးသီးအတွက် မျှတမှုမရှိသောကြောင့်ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ်အချို့ ကန့်ကွက်
Published 29 May 2018

ဧရာဝတီတိုင်းဒေသကြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ခန့်မှန်းခြေငွေစာရင်းလျာထားချက်မှာ မြို့နယ်အသီးသီးအတွက် ဘက်ဂျက်ခွဲဝေမှု မျှတမှုမ ရှိသောကြောင့်ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ်အချို့မှ ကန့်ကွက်ခဲ့ကြောင်း သတင်းရရှိသည်။

မေ ၂၉ ရက်တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်အဝေး ပဉ္စမနေ့တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘ ဏ္ဍာငွေအရအသုံးဆိုင်ရာ ခန့်မှန်းခြေငွေစာ ရင်းလျာထားချက်နှင့်စပ်လျဉ်း၍ ပြည်သူ့ငွေ စာရင်းစီမံကိန်း ဘဏ္ဍာရေး စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ လေ့လာတွေ့ရှိချက်အစီခံရင်စာအား လွှတ်တော်သို့ တင်သွင်းပြီးနောက် အတည်ပြုချက်ရယူရာတွင် ငပုတောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးဖြိုးဇော်ရွှေ၊ ဝါးခယ်မမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးဌေးအောင်၊ ရေကြည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးမျိုးညွန့်၊ ကျိုက်လတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးကျော်ဇေယျတို့က ဘတ်ဂျက်ခွဲဝေမှုမှာ မျှတမှုမရှိသောကြောင့် ဟုဆိုကာ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ကန့်ကွက်တာက လျာထားဘတ်ဂျက်ကို ကန့်ကွက်တာပါ။ အစီရင်ခံစာကို ကန့်ကွက်တာမဟုတ်ပါဘူး။ အခု အစီရင်ခံစာတင်သွင်းမှသာ သဘောထားဆုံး ဖြတ်ချက်ရယူဖို့ တောင်းခံတော့ ကန့်ကွက်ခဲ့တာပါ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ခန့်မှန်းခြေငွေစာရင်းလျာ ထားချက်နဲ့ပတ်သက်ပြီးတော့ မမျှတလို့  ကန့်ကွက်တာပေါ့။ ဥပမာပေါ့ မီးသတ်ဦးစီးဌာန အနေနဲ့ပတ်သက်ပြီးတော့ ပုသိမ်ခရိုင်ထဲမှာ မီးသတ်စခန်းနှစ်ခု ချထားတယ်။ အကြိုညှိနှိုင်းဆွေးနွေးပွဲမှာလည်း ကျွန်တော်ပြောပါတယ်။ ကျွန်တော့်မဲဆန္ဒနယ်မှာပါတဲ့ ငရုတ်ကောင်းမြို့အတွက်လည်း ကျွန်တော်တင်ထားတယ်။ မြို့အဆင့်ဖြစ်တဲ့ ငရုတ်ကောင်း အတွက်ကျတော့ ပါမလာပါဘူး။ ပုသိမ်ခရိုင်ထဲမှာဆို ကျုံပျော်မြို့နယ်ထဲက အထောင်ကျေးရွာပါပါတယ်။ ရေကြည်မြို့နယ်ထဲက သီတာကုန်းပြင်ကျေးရွာ ပါပါတယ်။ အဲဒီနှစ်ခု ဟာကို ရွာအဆင့်ပဲရှိပါတယ်။ ငရုတ်ကောင်းဆို မြို့အဆင့်ပါ။ မြို့အဆင့်ဌာနဆိုင်ရာရုံး စိုက်တဲ့နေရာလည်း ဖြစ်ပါတယ်။ ဒါကိုထည့် ပေးဖို့ဆိုပြီးတော့ လုပ်ငန်းအကြိုညှိနှိုင်း အစည်းအဝေးမှာ ကျွန်တော်တင်ပြခဲ့ပါတယ်။ ဘယ်လိုပုံမျိုးနဲ့ ရွေးတာလဲ ရွာအဆင့်တွေကျ ပါပြီးတော့ မြို့အဆင့်တွေကျတော့ မပါဘူးပေါ့နော်” ဟု ငပုတောမြို့နယ် မဲဆန္ဒနယ် (၂) မှ ဦးဖြိုးဇော်ရွှေက ပြောကြားသည်။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းတွင် စာရင်းချုပ်အနေဖြင့် ရငွေ ကျပ်သန်း ၂၉၅၄၄ ဒသမ ၁၂၃ သန်းနှင့် သုံးစွဲငွေ ကျပ်သန်း ၁၄၇၁၄၁ ဒသမ ၁၀၈သန်းဖြစ်ပြီး လိုငွေ ကျပ်သန်း ၁၁၇၅၉၆ ဒသမ ၉၈၅ သန်းဖြစ်ကြောင်း၊ လိုငွေများကို ပြည်ထောင်စုမှ ထောက်ပံ့ငွေအဖြစ် ပေးအပ်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာ လအထိပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း စာရင်းချုပ်အနေဖြင့် ရငွေ ကျပ်သန်း ၁၁၉၆၃ သန်းနှင့် သုံးစွဲငွေ ကျပ်သန်း ၆၈၄၅၆ သန်း ဖြစ်ကာ လိုငွေ ၅၆၄၉၃ သန်းဖြစ်ကာ လိုငွေများကို ပြည်ထောင်စုမှ ထောက်ပံ့ငွေအဖြစ် ထောက်ပံ့ပေးပြီးဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent