မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် မိသားစုလေးဦး အသတ်ခံရမှုဖြစ်စဉ်မှ ကျူးလွန်သူကိုးဦးအနက် ခုနစ်ဦးအား ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် မိသားစုလေးဦး အသတ်ခံရမှုဖြစ်စဉ်မှ ကျူးလွန်သူကိုးဦးအနက် ခုနစ်ဦးအား ဖမ်းဆီးရမိ
Published 29 May 2018

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ နယ်တွင် မိသားစုလေးဦး သတ်ခံရမှုဖြစ်စဉ်မှ ကျူးလွန်သူကိုးဦးအနက် ခုနစ်ဦးကို  ဖမ်းဆီးရမိထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

သတ်ရသည့်အကြောင်းရင်းမှာ ကနဦး စစ်ဆေးချက်များအရ တောင်ယာလုပ်ကိုင်ရန် ခုတ်ထွင်ရှင်းလင်း မီးရှို့သည့်ကိစ္စနှင့်ပတ်သက်ပြီး အချင်းများရာမှ မိသားစုလေးဦးစလုံးကို သတ်မှုဖြစ်ခဲ့ရကြောင်း သိရသည်။

မိုးကုတ်မြို့နယ် ညောင်ပင်ကျေးရွာအုပ်စု စိန်အင်းကျေးရွာမြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ တောထဲတွင် တောင်ယာလုပ်ကိုင်သူ လင်မယားနှစ်ဦးနှင့် ကလေးနှစ်ဦး အသတ်ခံရမှုဖြစ်ပွားခဲ့ရာ  စိန်အင်းကျေးရွာအနီးတွင် တောင်ယာလုပ်ကိုင်သူ ဦးရန် တား (၄၉နှစ်)၊ ဇနီးဖြစ်သူ မအားလူမီး (၃၉ နှစ်)၊ သားမောင်အလေး (၁၅နှစ်)နှင့် သမီး ဖြစ်သူ မအဝူး(၁၀ နှစ်) တို့လေးဦးသည် ခုတင်တစ်လုံးပေါ်တွင် အူများထွက်၍ ဓားဒဏ်ရာ များအသီးသီးဖြင့် သေဆုံးနေခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားသည့် မေ ၁၇ ရက်မတိုင်ခင်က သေဆုံးသူ ဦးရန်တားသည် ၎င်းခြံထဲတွင် ပြောင်းဖူးပင်များစိုက်ရန် အပင်များခုတ် ထွင်မီးရှို့နေစဉ် ကချင်လူမျိုး ဒွဲလှနှင့် အောင်ဘန်းအပါအဝင် သုံးလေးဦးခန့်ရောက်ရှိလာကာ ဦးရန်တား မီးရှို့သည့်နေရာမှာ ၎င်း၏ သံပရာစိုက်ပျိုးရေးခြံဦးဘက်တွင် ရောက်ရှိနေသောကြောင့် ခြံအား ဆက်လက်မခုတ် ရန်နှင့် မီးမရှို့ရန်တားမြစ်ခဲ့ကြောင်း၊ ထိုသို့ တားမြစ်သော်လည်း ဦးရန်တားက ဆက်လက်လုပ်ကိုင်မည်ဟု ပြောဆိုခဲ့သောကြောင့် ဒွဲလှဆိုသူက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကာ လူသတ်မှုဖြစ်ပွားသည်အထိ ဖြစ်ခဲ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

“ကျူးလွန်သူကိုးဦးမှာ ခုနစ်ဦးကိုဖမ်း ဆီးရမိပါပြီ။ ရွာနှစ်ရွာကြားက တောင်ယာလုပ်ကိုင်ဖို့ ခုတ်ထွင်ရှင်းလင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အောင်ဗဒါန်းရွာ ရေရရှိရေးကော် မတီဥက္ကဋ္ဌနဲ့ ရွာသားတွေက သတ်ခဲ့တာပါ။ ကနဦးစစ်ဆေးချက်အရ ဒီလောက်ပဲသိရသေးတယ်။ နှစ်ဦးကတော့ ထွက်ပြေးတိမ်း ရှောင်နေပါတယ်” ဟု ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူး  ဒုရဲမှူးကြီးညီညီက ပြောကြားသည်။

သေဆုံးသူများဖြစ်သော ဦးရန်တားနှင့် မိသားစုလေးဦးသည် စိန်အင်းကျေးရွာ မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ တောထဲတွင် တောင်ယာလုပ်ကိုင်ရန် နေထိုင်လျက်ရှိကြောင်း၊ အဆိုပါနေရာနှင့်ကပ်လျက်သည် အောင်ဗဒါန်းကျေးရွာ အစပ်ဖြစ်၍ တောင်ယာခုတ်ထွင် ရှင်းလင်းမီးရှို့မှုနှင့်ပတ်သက်ပြီး အချင်းများရာမှတစ်ဆင့် လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Most Read

Most Recent