အနီရောင်အဆင့် မုန်တိုင်းငယ် နောက်ကိုးနာရီအတွင်း ရခိုင်ကမ်းရိုးတန်းဒေသို့ ဖြတ်ကျော် ဝင်ရောက်မည်

အနီရောင်အဆင့် မုန်တိုင်းငယ် နောက်ကိုးနာရီအတွင်း ရခိုင်ကမ်းရိုးတန်းဒေသို့ ဖြတ်ကျော် ဝင်ရောက်မည်
Published 29 May 2018

ဓာတ်ပုံ -မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန

ပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အနီရောင်အဆင့် သတ်မှတ်ထားသည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း ဒေသကို နောက် ၉ နာရီ အတွင်း ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ မာန်အောင်မြို့၏ အနောက် - အနောက် တောင်ဘက် မိုင် (၄၀) ခန့်၊ စစ်တွေမြို့၏ တောင်ဘက် မိုင် (၈၀) ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် (၅၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အဆိုပါ မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် မိနစ် ၁ နာရီ ၃၀ မိနစ်အချိန်တွင် မြောက်လတ္တီကျု (၁၈.၈) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၃.ဝ) ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား (၉၉၆) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

မုန်တိုင်းငယ်သည် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ဖြတ်ကျော်ပါက အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅) မိုင်မှ မိုင်(၅၀) အထိ တိုက်ခတ်နိုင်ကြောင်း၊ မုန်တိုင်းငယ် ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ကမ်းရိုးတန်းဒေသ မာန်အောင်မြို့၊ ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့၏ ကမ်းခြေဒေသများတွင် (၅)ပေမှ (၇) ပေခန့်နှင့် ဧရာဝတီတိုင်းဒေသကြီး ကမ်းခြေဒေသများတွင် (၃)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်းထားသည်။

ဓာတ်ပုံ -မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မေ ၂၉ ရက်မှ ၃၁ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများဖြစ်ပေါ်မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် (၂၄) နာရီအတွင်း (၇၇)မီလီမီတာ(၃-လက်မ)နှင့်အထက်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် (၃၈)မီလီမီတာ(၁.၅-လက်မ)နှင့် အထက် ရွာသွန်းနိုင်ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင် ကြရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent