ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး အမှုတွင် CID မှ နည်းပညာကျွမ်းကျင် ရဲမှူး သုံးကြိမ်မြောက်အဖြစ် သက်သေထွက်ဆို

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး အမှုတွင် CID မှ နည်းပညာကျွမ်းကျင် ရဲမှူး သုံးကြိမ်မြောက်အဖြစ် သက်သေထွက်ဆို
Published 29 May 2018

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ ဥပဒေဖြင့် တရားစွဲဆို ခံထားရသော ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး အမှုတွင် တရားစွဲခံ သတင်းထောက်တစ်ဦး ဖြစ်သော ကိုဝလုံးက မိမိတို့ကို အမှုနှင့်မဆိုင်ဘဲ အငြိုးတကြီး အပြစ်မကျကျအောင် လုပ်ဆောင်နေသည်ဟု မေ ၂၈ ရက်က တရားရုံးချိန်းအပြီးတွင် ပြောကြားသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး အမှုကို မေ ၂၈ ရက်က မြောက်ပိုင်းခရိုင် တရားရုံးတွင် ၂၁ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး အဆိုပါရုံးချိန်းတွင် နေပြည်တော် ရဲမှုခင်းတပ်ဖွဲ့၊ နည်းပညာ မှုခင်းဌာနမှ ရဲမှူး အောင်ကျော်ဆန်းသည် တရားလိုပြ သက်သေအဖြစ် သုံးကြိမ်မြောက် လာရောက် ထွက်ဆိုခဲ့ကြောင်း သိရသည်။

ရိုက်တာသတင်းဌာနမှ တရားစွဲခံရသော သတင်းထောက် ကိုဝလုံးက “ကျွန်တော်တို့ ဖုန်းတွေထဲမှာ တွေ့တယ်ဆိုတဲ့ ဟာတွေက တကယ်တမ်း ဘာမှမသိပါဘူး။ ဒီစာရွက်တွေက သူ့အလိုလိုဖုန်းထဲမှာ၊ မက်ဆင်ဂျာထဲမှာ ရောက်နိုင်တာပဲလေ။ နောက်တစ်ချက်က အခုသူတို့တင်ပြတဲ့ အချက်အလက်တွေက အားလုံးလည်း ပြီးခဲ့တဲ့အပတ်တွေက သိပြီးသားဖြစ်ပါတယ်။ အစိုးရနဲ့ဆိုင်တဲ့ အချက်အလက်တွေဆိုရင် သတင်းသမားတွေ ဘာအချက်အလက်မှ မယူရဘူး။ မရေးရဘူးဆိုတဲ့ သဘောမျိုး။ ကျွန်တော်တို့ကို ဒီအမှုနဲ့ ဘာမှမဆိုင်ဘဲနဲ့ကို အငြိုးတကြီးနဲ့ ကျွန်တော်တို့အပေါ်မှာ အပြစ်မကျကျအောင် လုပ်နေတယ်လို့ ကျွန်တော်ပြောချင်ပါတယ်”ဟု မီဒီယာများသို့ ပြောကြားသည်။

ယင်းနေ့ ရုံးချိန်းတွင် တရားလိုပြသက်သေ ရဲမှူးက သတင်းထောက်နှစ်ဦး၏ ဖုန်းအတွင်းမှ တွေ့ရှိသည်ဆိုသော အချက်အလက် ၂၁ ခုနှင့် ပတ်သက်၍ ထွက်ဆိုမှုများ ပြုလုပ်ပြီးနောက် စွပ်စွဲခံရသူနှစ်ဦး၏ ရှေ့နေနှစ်ဦးမှ အပြန်အလှန် မေးခွန်း ငါးခုခန့်မေးမြန်းခွင့် ရရှိခဲ့ကြောင်း၊ ထို့နောက် အမှုကို မေ ၂၉ ရက်သို့ ထပ်မံချိန်းဆိုခဲ့ကာ ယင်းရုံးချိန်းတွင် တရားလိုပြသက်သေ ရဲမှူးကို စွပ်စွဲခံရသူနှစ်ဦး၏ ရှေ့နေနှစ်ဦးမှ အပြန်အလှန် မေးခွန်းများ ထပ်မံမေးမြန်းမည် ဖြစ်သည်။

စွပ်စွဲခံရသူ သတင်းထောက်နှစ်ဦး၏ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က “ဒီအမှုက ပထမဆုံး တရားစွဲတဲ့အခါမှာ စွပ်စွဲခံရသူ လက်ထဲက စာရွက်စာတမ်းတွေတွေ့လို့ တရားမဝင်တွေ့လို့ဆိုပြီးတော့ တရားစွဲတာ။ သတင်းစာတွေမှာလည်း ဒီအတိုင်းပဲ ကြေညာတယ်။ အမှုထဲမှာလည်း ဒီအတိုင်းပဲ ပြောထားတယ်။ ဒါပေမဲ့ ဒီကျွမ်းကျင်ပညာရှင်ရဲ့ အလှည့်ရောက်တော့မှ တယ်လီဖုန်းထဲက၊ လက်ကိုင်ဖုန်းထဲက တွေ့ရှိပါတယ်ဆိုတဲ့ အချက်အလက်တွေကို ထုတ်ပြီးတော့ ဒီဟာတွေသည် ထိပ်တန်း လျှို့ဝှက်ချက်ပါဆိုပြီး တရားရုံးတော်မှာ တင်သွင်းပြီးတော့ ထပ်မံပြီးတော့ လာရောက် ထွက်ဆိုတာ။ အဲဒီတော့ အရင်ပထမဆုံး ကနဦးဖွင့်ထားတဲ့ ပထမသတင်းပေး တိုင်ချက်နဲ့တော့ ကွဲလွဲတာပေါ့”ဟု ပြောကြားသည်။

တရားလိုပြသက်သေ ရဲမှူး၏ ထွက်ဆိုချက်အရ စွပ်စွဲခံရသူ ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်၏ တယ်လီဖုန်း၊ လက်ကိုင်ဖုန်းကို ရဲတပ်ဖွဲ့ဝင် ခုနစ်ဦး ပါဝင်သော အဖွဲ့က စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုတွင် တရားလိုပြသက်သေ ၂၅ ဦး တင်သွင်းထားပြီး သက်သေနှစ်ဦးကို ပယ်ဖျက်ထားကြောင်း၊ ၂၀ ဦး စစ်ဆေးပြီးသဖြင့် နောက်ထပ် သက်သေ သုံးဦးခန့် စစ်ဆေးရန် ကျန်ရှိကြောင်း သိရသည်။

မြန်မာသတင်းထောက် ကိုသက်ဦးမောင် (ခေါ်) ဝလုံးနှင့် ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့နှစ်ဦးကို အစိုးရ လျှို့ဝှက်စာရွက်စာတမ်းတွေနဲ့အတူ တွေ့ရှိသည်ဟုဆိုကာ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ - ၃(၁)(ဂ)ဖြင့် ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးယုနိုင်က တရားလိုပြုလုပ်၍ မြောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုထားသည်။

 

Most Read

Most Recent