ရန်ကုန်တိုင်းဒေသကြီးအတွင်း ဥပဒေချိုးဖောက်ပြီး တရားမဝင် လုပ်ကိုင်နေသည့် လုပ်ငန်းများကို ပိုမိုထိရောက်စွာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တိုင်းဒေသကြီးလွှတ်တော်တွင် အဆိုတင်သွင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဥပဒေချိုးဖောက်ပြီး တရားမဝင် လုပ်ကိုင်နေသည့် လုပ်ငန်းများကို ပိုမိုထိရောက်စွာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တိုင်းဒေသကြီးလွှတ်တော်တွင် အဆိုတင်သွင်း
Published 29 May 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥပဒေ ချိုးဖောက်ပြီး တရားမဝင် လုပ်ကိုင်နေသော လုပ်ငန်းများကို ယခင်ကထက် ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုအား တိုက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှိန်က တင်သွင်းခဲ့ကြောင်း သိရသည်။

ယင်းအဆိုအား မေ ၂၈ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၃၄ ရက်မြောက်တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်တုန်းက ပြည်သူလူထုကို ကျွန်တော်တို့ ကတိပေးထားတာ ရှိပါတယ်။ အဲဒီ ဥပဒေက ဘာလဲဆိုရင် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပေးရမယ် ဆိုပြီးပါတယ်။ ဒါကြောင့်မို့လို့ ဒီကတိကို တည်စေချင်လို့ အခု အဆိုကို တင်ရခြင်း ဖြစ်ပါတယ်။ ဒုတိယအချက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ တရားမဝင် လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းများကို အရေးယူဆောင်ရွက်တဲ့ နေရာမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနဲ့ လွှတ်တော်ကြီးက ပူးပေါင်း ပါဝင်တယ်ဆိုတာကို ပြမယ်။ တတိယအချက်က တရားမဝင် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို လွှတ်တော်မှ အကြိမ်ကြိမ် မေးခွန်းမေးပါသော်လည်း ရပ်တန့်သွားခြင်း မရှိဘဲ ဆက်လက် လုပ်ကိုင်နေသည့်အတွက် အဆိုကို တင်သွင်းရခြင်း ဖြစ်ပါတယ်”ဟု ဦးတင်ရှိန် က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးမြို့နယ်များတွင် အုတ်ဖုတ်လုပ်ငန်းနှင့် ငါးကန်လုပ်ငန်းများကို တရားမဝင် လုပ်ကိုင်မှုများ ရှိနေကြောင်း၊ ယင်းလုပ်ငန်းများနှင့် ပတ်သက်ပြီး လွှတ်တော်မှတစ်ဆင့် မေးခွန်းများ မေးမြန်းခဲ့ပြီး ဖြစ်ကြောင်း၊ ဆက်လက် ဆောင်ရွက်မှုများ ရှိနေကြောင်း၊ အဆိုပါ လုပ်ငန်းများသည် ငွေလုံးငွေရင်း မြောက်မြားစွာဖြင့် လုပ်ကိုင်နေကြောင်း၊ တရားမဝင် လုပ်ငန်းများဖြစ်နေသည့်အတွက် အခွန်ဝင်ငွေ ရရှိမည်မဟုတ်ကြောင်း ဦးတင်ရှိန်က ပြောကြားသည်။

“နောက်တစ်ခုက အားလုံး သိပြီးသားအတိုင်း ဖြစ်ပါတယ်။ မြေလွတ်မြေရိုင်းတွေ၊ စားကျက်မြေတွေမှာ ထန်းတပင်မြို့နယ်မှာ စာချုပ်ပါအတိုင်း ငါးကန်တွေ မတူးဘဲနဲ့ အဲဒီမှာ ကျေးလက်ဒေသတွေမှာ စားကျက်မြေတွေကို တစ်နှစ်ကို ခြောက်သိန်းနဲ့ ငှားစားနေတာကို စစ်ဆေးတာ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီလို ပေါ်ပေါက်ခဲ့တာကို ဥက္ကဋ္ဌကြီးကတစ်ဆင့် စာချွန်တော်တင်ပြီး ဆောင်ရွက်ခဲ့သော်လည်း အရေးယူဆောင်ရွက်ခဲ့ခြင်း မရှိပါဘူး။ နောက်တစ်ခုက ငါးကန်တချို့ဆိုရင် မြေလွတ် မြေရိုင်းမှာ ငါးကန်တူးဖို့ လိုင်စင် ထုတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သဘာဝငါးတွေ ဖမ်းစားနေတာကို ဥပဒေမဲ့ တွေ့ခဲ့ရပါတယ်။ အဲဒီလို ငါးခိုးနေတဲ့ ငါးကန်ရှင်တွေကိုလည်း အရေးယူဆောင်ရွက်ခြင်း မလုပ်နိုင်ခဲ့ပါဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် မြစ်သဲကျောက် ထုတ်လုပ်သည့် လုပ်ငန်းနှင့် ပတ်သက်ပြီး ပြည်သူလူထုနှင့် ပူးပေါင်းကာ ဖမ်းဆီးခဲ့ပြီး တရားရုံးသို့ တင်ခဲ့ကြောင်း၊ တရားမဝင် သဲကျောက် ထုတ်ယူမှုများကြောင့် ကမ်းပြိုခြင်းများ ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၀၀ ကျော် အိုးမဲ့၊ အိမ်မဲ့ ဖြစ်ခဲ့ကြောင်း၊ သစ်တောမြေများတွင် မြေတူးသည့် ကိစ္စရပ်ကို လွှတ်တော်တွင် မေးမြန်းခဲ့ကြောင်း ဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် သစ်တော ပယ်ဖျက်ပြီးသည့်အတွက် သစ်တောမြေနှင့် မဆိုင်တော့ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန အပိုင်ပေးထားသည့် မြေကွက်ပါ မကျန် သစ်တောမြေ အကုန်လုံးအား တူးယူနေသည်ကို တွေ့ရကြောင်း၊ လိုက်လံ စစ်ဆေးသည့်အချိန်တွင် ခေတ္တရပ်ဆိုင်းလိုက်ကာ နေရာပြောင်းတူးကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း ဦးတင်ရှိန်က ပြောကြားသည်။

“ကျွန်တော် ကိစ္စကြီးတစ်ခုကို တင်ပြပါမယ်။ ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်းမှာ ကုမ္ပဏီတစ်ခုက လယ်သမားတွေနဲ့ဖြစ်တဲ့ ပြဿနာပါ။ အစိုးရအဖွဲ့ကို ကုမ္ပဏီတစ်ခုက အကြံဉာဏ် တောင်းပါတယ်။ ဥပဒေချုပ်ရုံးက ဘာအကြံပေးလိုက်လဲ ဆိုတော့ တရားမမှု နဲ့ တရားဆွဲပါဆိုပြီး ပေးလိုက်ပါတယ်။ ကုမ္ပဏီက ထပ်ဆင့်ပြီး လုံခြုံရေး တောင်းပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က လုံခြုံရေးအင်အားပေးဖို့ ဆုံးဖြတ်ပါတယ်။ ရဲအင်အား အတိအကျ သိပါတယ်။ မပြောတော့ပါဘူး။ ရဲအင်အား၊ ကြက်ခြေနီ၊ မီးသတ်ပါမကျန် လုံခြုံရေးပေးပါတယ်။ ဒါက လိုလားဆိုတာ ဆုံးဖြတ်ရပါမယ်”ဟု ဦးတင်ရှိန်က ပြောကြားသည်။

အဆိုနှင့် ပတ်သက်ပြီး ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက ထောက်ခံဆွေးနွေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက သဘောထားမှတ်ချက်အား ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥပဒေချိုးဖောက်ပြီး တရားမဝင် လုပ်ကိုင်နေသော လုပ်ငန်းများကို ယခင်ကထက် ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုအား လွှတ်တော်တွင် ကန့်ကွက်သူမရှိသဖြင့် ဆွေးနွေးမည် ဖြစ်သည်။

 

Most Read

Most Recent