တာမွေမြို့နယ်၌ ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်သူများနှင့် သတင်းမီဒီယာသမားများအား အရပ်ဝတ်ဖြင့်လူအချို့က ခြိမ်းခြောက်ခြင်းများနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ညှိနှိုင်းအကြောင်းကြားပြီးဖြစ်ကြောင်း လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား

တာမွေမြို့နယ်၌ ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်သူများနှင့် သတင်းမီဒီယာသမားများအား အရပ်ဝတ်ဖြင့်လူအချို့က ခြိမ်းခြောက်ခြင်းများနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ညှိနှိုင်းအကြောင်းကြားပြီးဖြစ်ကြောင်း လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Published 29 May 2018

တာမွေမြို့နယ်တွင် ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်သူများနှင့် သတင်းမီဒီယာသမားများအား အရပ်ဝတ်ဖြင့်လူအချို့က ခဲဖြင့်ပေါက်ခြင်း၊ ဆဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်းများနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ညှိနှိုင်းအကြောင်းကြားပြီးဖြစ်ကြောင်း လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

မေ ၂၈ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၇ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာအား လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ်တွင် ပြန်လည်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ကော်မရှင်ဥက္ကဋ္ဌဦးဝင်းမြက “လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်ရဲ့ ဆွေးနွေးချက်မှာပါတဲ့ မေ ၁၂ ရက်က တာမွေမြို့နယ်မှာ ငြိမ်းချမ်းရေးဆန္ဒဖော်ထုတ်သူတွေနဲ့ သတင်းမီဒီယာသမားတွေကို အရပ်ဝတ်နဲ့လူတချို့က ခဲဖြင့်ပေါက်ခြင်း၊ ဆဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်းတွေနဲ့ပတ်သက်လို့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက တိုင်ကြားချက် ရရှိထားတဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ထံ ညှိနှိုင်းအကြောင်းကြားပြီး ဖြစ်ပါတယ်။ ဆန္ဒပြမှုကြောင့် အရေးယူခြင်းခံခဲ့ရတဲ့သူတွေက ကျွန်တော်တို့ကော်မရှင်ကို ဓာတ်ပုံ၊ စာရွက်စာတမ်း အထောက်အထားတွေနဲ့ ဂဃနဏတိုင်ကြားမယ်လို့ ပြောကြားခဲ့သော်လည်း ယနေ့ အချိန်အထိ ရောက်ရှိလာခြင်းမရှိသေးတဲ့အတွက် တိုင်တန်းချက်ရရှိတာနဲ့ အမြန်ဆုံးစိစစ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ကော်မရှင်အနေဖြင့် လူတစ်ဦးချင်းစီ၏ လူ့အခွင့်အရေးများကို လက်လှမ်းမီ သိရှိသမျှ စွမ်းအားရှိသရွေ့ ညှိနှိုင်းဖြေရှင်းပေးနေသည့် တစ်ချိန်တည်းမှာပင် လူအများစု၏ လူ့အခွင့်အရေးဆုံးရှုံးမှုများကိုလည်း လျစ်လျူရှုထားခြင်းမရှိဘဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဥပမာအားဖြင့် ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ၂၀၁၇ ခုနှစ်အတွင်းတွင် တိုင်တန်းချက် မရှိသော်လည်း ယင်းဒေသသို့ သုံးကြိမ်သွားရောက်ပြီး ဒေသခံတိုင်းရင်းသားများဖြစ်သည့် မြို၊ ခမီ၊ ဒိုင်းနက်၊ ရခိုင်များအပြင် ဟိန္ဒူဘာသာဝင်၊ ဘင်္ဂါလီများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ဖော်ထုတ်တင်ပြခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယခုနှစ်အတွင်းတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ စစ်ပွဲဖြစ်ပွားရာဒေသများမှ အိုးအိမ်လယ်ယာပိုင်ဆိုင်မှုများ စွန့်ပစ်ပြီး စစ်ရှောင်နေကြရသည့်သူများနှင့် ပညာသင်ခွင့် ဆုံးရှုံးနေသည့် ၎င်းတို့၏ သားသမီးများ၊ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးနေကြရသည့် လူငယ်များအတွက် သက်ဆိုင်ရာဒေသများသို့ သွားရောက်လေ့လာပြီး လူ့အခွင့်အရေးဆိုင်ရာရှုထောင့်မှ ကူညီဆောင်ရွက်ပေး နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောကြားသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၇ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြန်လည်ဖြေရှင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကာ ကော်မရှင်၏ အစီရင်ခံစာအား ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

Most Read

Most Recent