<

မြိတ်မြို့တွင် မူးယစ်ဆေးဝါး ၀င်ရောက်ဖမ်းဆီးရာမှ ထိုင်းနိုင်ငံလုပ် ကျည်ဆန်များ ဖမ်းဆီးရမိ

မြိတ်မြို့တွင် မူးယစ်ဆေးဝါးဝင်ရောက် ဖမ်းဆီးရာမှ ထိုင်းနိုင်ငံလုပ် ကျည်ဆန်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင် မှုခင်းအကူအဖွဲ့မှ ရဲအုပ်ခင်မောင်အေး ဦးဆောင်သောအဖွဲ့က မေ ၂၇ ရက်တွင် ကလွင်ကျေးရွာအုပ်စု၊ ကမ်းသာယာရွာ၊ မြိတ်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (MFD) အိမ်ရာဝင်း (၃)လမ်းတွင် နေထိုင်သည့် ဇော်ဇော်အောင် ( ခ )ဇော်အောင်ဆိုသူ၏အိမ်သို့ မူးယစ်သတင်းအရ ခရိုင်ရဲမှူးထုတ်ပေးသော မယ ၀ရမ်းအမှတ် (၃၇/၂၀၁၈)ဖြင့် သွားရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများ မတွေ့ရှိရဘဲ အိပ်ခန်းခြေရင်းတွင်ရှိသည့် အဆင့်လေးဆင့်ပါ ပစ္စည်းတင်သည့် သံစင်တွင်ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသည့် ကျည်ဆန် ၅၀ ဆံ့ အစိမ်းရောင်ကော်ဘူးအတွင်းမှ ထိုင်းနိုင်ငံလုပ် ၉ မမ ကျည်ဆန် ၄၇ တောင့်အား ရတွေ့ရှိခဲ့ကြောင်း သိရသည်။

“ကျည်ဆန်တွေက ဇော်ဇော်အောင် နယ်စပ်က ၀ယ်လာတယ်လို့ ပြောပါတယ်။ သူက သစ်လုပ်ငန်းတွေ လုပ်တယ်။ အဲဒီမှာ ကျွန်းစုနယ်၊ အနိုင်းကျေးရွာက ဖစုဆိုတဲ့သူက ဒီကျည်ဆန်တွေကို ၀ယ်လာပေးဖို့ပြောတယ်။ ဒါကြောင့်သူက နယ်စပ်ကနေ ကျည်ဆန်တွေ ၀ယ်လာတယ်လို့ ပြောပါတယ်။ ကျည်ဆန်တွေက ထိုင်းနိုင်ငံထုတ်ကျည်တွေပါ” ဟု မြိတ်ခရိုင် မှုခင်းအကူအဖွဲ့မှ ရဲအုပ် ခင်မောင်အေးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ၉ မမ ကျည်ဆန်များကို လက်ဝယ်ထားရှိသူ ဇော်ဇော်အောင်(ခ)ဇော်အောင်အား မြိတ်မြို့မရဲစခန်း မှ (ပ) ၈၀၉ /၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

May 28, 2018














Copy Protected by Chetan's WP-Copyprotect.