YRTA ကပြေးဆွဲမည့် ကျောင်းကားခဈေးနှုန်းမှာ တစ်လလျှင် ကျပ်လေးသောင်းမှ ကျပ်ခုနစ်သောင်းအထိရှိနိုင်ပြီး သတ်မှတ်လမ်းကြောင်းတွင် မရှိသည့် ကျောင်းသားများအတွက် အခက်အခဲများစွာရှိနေကြောင်း သိရ

YRTA ကပြေးဆွဲမည့် ကျောင်းကားခဈေးနှုန်းမှာ တစ်လလျှင် ကျပ်လေးသောင်းမှ ကျပ်ခုနစ်သောင်းအထိရှိနိုင်ပြီး သတ်မှတ်လမ်းကြောင်းတွင် မရှိသည့် ကျောင်းသားများအတွက် အခက်အခဲများစွာရှိနေကြောင်း သိရ
Published 29 May 2018

YRTA ကပြေးဆွဲမည့် ကျောင်းကားခဈေးနှုန်းမှာ တစ်လလျှင် ကျပ်လေးသောင်းမှ ကျပ် ခုနစ်သောင်းအထိရှိနိုင်ပြီး သတ်မှတ်လမ်းကြောင်းတွင်မရှိသည့် ကျောင်းသားများအတွက် အခက်အခဲများစွာရှိနေကြောင်း သိရသည်။

ယခုနှစ်တွင် စတင်ပြေးဆွဲမည့် YRTA ကျောင်းကား တစ်စီးလုံး၏ တစ်လပျမ်းမျှ ကျောင်းကားခ ကျပ်သိန်း ၂၀ ခန့်ဖြစ်နေသဖြင့် ခရီးစဉ်လမ်းကြောင်းပေါ်မူတည်ပြီး ကျောင်းသားတစ်ဦးလျှင် ကျောင်းကားခ ကျပ်လေးသောင်းမှ ခုနစ်သောင်းခန့်ထိရှိနိုင်ကြောင်း သတင်းများထွက်ပေါ်နေခြင်း ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဝယ်ယူထားသည့် ကျောင်းကားအစီး ၂၀၀ အနက် ၁၀၀အား ယခုနှစ်ကျောင်းဖွင့်ချိန်တွင် ရန်ကင်းနှင့် ကမာရွတ် TTC  ကျောင်းများတွင် စတင်ပြေးဆွဲမည် ဖြစ်သည်။

“သူတို့တောင်းတဲ့ဈေးက လေးသောင်းကနေ ငါးသောင်း၊ ခြောက်သောင်း၊ ခုနစ်သောင်းလောက်တော့ရှိတယ်။ တကယ်ပေါက်ဈေးကတော့ သေချာမသိသေးတော့ ပြောလို့မရသေးဘူး။ ကြားထားတာပေါ့။ ပြည်လမ်း TTC ကနေ အစ်မမိတ်ဆွေတစ်ယောက် ပြောတာကတော့ ပြည်လမ်း TTC  ကနေ မြောက်ဒဂုံကို ခုနစ်သောင်းလို့တော့ ပြောတယ်။ ရန်ကင်း TTC  ကနေကျတော့ ငါးသောင်းလို့ပြောတယ်။ အစ်မတို့တောင် ကြားကြားချင်း လန့်သွားတယ်။ ခုနစ်သောင်း နဲ့ဆိုရင် အယောက် ၃၀ တင်မယ်ပေါ့လေ။ ငါးသောင်းနဲ့ သမားက အယောက်လေးဆယ်တင်မယ်ပေါ့။ သူတို့ရဲ့ တစ်စီးကို ပျမ်းမျှက သိန်း ၂၀ လောက်မှန်းထားပုံပေါ်တယ်။ အဲဒီလိုတွေကြားတယ်” ဟု ပုဂ္ဂလိကကျောင်းကားပြေးဆွဲသည့် ယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သည့် ဒေါ်စောမြတ်စိုးက  ပြောကြားသည်။

ထို့ပြင် သတ်မှတ်ထားသည့် မူဝါဒနှင့် မကိုက်ညီခြင်းအပါအဝင် အခြားသောအချက်များကြောင့် ယခင်နှစ်က တစ်ဦးကျောင်းကား ပြေးဆွဲမှုအနေဖြင့် အစီးရေ ၇၀ ကျော် ရှိခဲ့သော်လည်း ယခုနှစ်တွင် အစီးရေ ၄၀ ခန့်သာကျန်ရှိနိုင်ပြီး အဆိုပါ တစ်ဦးကျောင်းကား ပြေးဆွဲသူများတွင် အရှုံးပေါ်ကာ အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။

အလားတူ YRTA  မှ ရောင်းချမည်ဟု ပြောကြားထားသည့် ကျောင်းကားများမှာ တစ်စီးလျှင် ကျပ်သိန်း ၅၀၀ ခန့်အထိရှိသဖြင့် ကျောင်းကားလုပ်ကိုင်သူအများစုမှ ဝယ်ယူနိုင်ခြင်းမရှိကြောင်း၊ လက်ရှိတွင် ကျောင်းကားလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အခက်တွေ့လျက်ရှိကြောင်း သိရသည်။

“အခုလက်ရှိဈေးကိုလည်း အဲဒီလောက်နဲ့ မတိမ်းမယိမ်းလောက်ပဲ မှန်းထားပါတယ်။ နေရာကိုလိုက်ပြီးတော့ ကွာတာပေါ့။ သူတို့ သတ်မှတ်တဲ့ မူဘောင်နဲ့ သတ်မှတ်ချက်နဲ့ ညီ တဲ့ကားနဲ့ ဘယ်မောင်း ညာဖွင့်တွေလေ။ အဝါရောင်ပြောင်းတာတို့ လုပ်ငန်းလိုင်စင်လုပ်တာတို့ လုပ်နေရတာပေါ့။ သူတို့ရောင်းချတဲ့ ကားတွေက သိန်းငါးရာကျော်ဆိုတော့ မဝယ်နိုင်ကြဘူးလေ။ သိန်းငါးရာကျော်ရင်းဖို့ကျတော့  မိဘတွေအနေနဲ့လည်း မတတ်နိုင်ကြဘူး။ ကျွန်မတို့ကလည်း မဝယ်နိုင်ဘူး။ အဲဒီတော့ လက်ရှိကျောင်းကားကိုပဲ သူတို့သတ်မှတ်ထားတဲ့ မူဝါဒတွေကို လိုက်နာလိုက်တယ်လေ။ အခက်အခဲတွေက လက်ရှိညာပေါက်ကားတွေကို ခွင့်မပြုတော့ဘူးဆိုတော့ ငိုတဲ့ သူကငို။ အကြွေးတွေက မကျေသေးဘူးလေ။ ဘယ်မောင်းကတွေလည်း လိုက်ဝယ်ဖို့ကို ရန်ကုန်လိုင်စင်က ရှားသွားပြီလေ။ ဂျပန်ကားတွေကို ခွင့်ပြုလိုက်တယ်ဆိုတာကလည်း သမားရိုးကျ ခွင့်ပြုတာမျိုး မဟုတ်ဘူးလေ။ မူဝါဒတွေအတိုင်း လုပ်ရမယ်ဆိုတော့ ဒီရှစ်လလေး ပဲလုပ်ရမှာကို အကုန်လိုက်လုပ်ရတော့ ဒုက္ခတွေရောက်ကုန်တာပေ့ါ။ တော်တော်ဒုက္ခ ရောက်ပါတယ်။ တချို့ဆို ထမင်းအိုးကွဲသွားတယ်။ ဆက်မလိုက်နိုင်တော့ဘူး။ မနှစ်က အစီး ၇၀ ကျော်ရှိတာ ဒီနှစ်ဆို ၄၀လောက်ပဲ ကျန်တော့တယ်။ ဈေးနှုန်းက သူတို့က ဈေးကိုမဖွင့်ပေးတော့၊ အစ်မတို့ကလည်း ဈေးကိုသတ်မှတ်လို့ မရသေးဘူး။ ဈေးသတ်မှတ်ဖို့ကို ကျောင်းရောက်တဲ့အခါ ခန့်မှန်းဈေးတွေ ရေးပေးခဲ့ပါလို့ပြောတယ်။ ခန့်မှန်းဈေးတွေဆိုတာ အခုဆို ဆီဈေးက တက်နေတယ်လေ။ ငါးထောင်လောက်ထိ တိုးယူမလားစဉ်းစားတယ်လေ။ သူတို့ကလည်း တိုးခိုင်းတယ်။ အစ်မတို့က နဂို တစ်သောင်းခွဲသမားကို နှစ်သောင်းယူဖို့၊ နှစ်သောင်းသမားကို နှစ်သောင်းခွဲလောက် ယူဖို့ ခန့်မှန်းထားတယ်” ဟု ရန်ကင်းမြို့နယ် တစ်ဝိုက်တွင်ပြေးဆွဲမည့် တစ်ဦးချင်းကျောင်းကားပြေးဆွဲသည့် ကားပိုင်ရှင်တစ်ဦးက ပြောကြားသည်။

YRTA ကျောင်းကားများကို လမ်းကြောင်းသုံးခု သတ်မှတ်ပြေးဆွဲမည်ဟု သိရပြီး သတ်မှတ်ထားသည့် လမ်းကြောင်းပေါ်တွင်မရှိသည့် ကျောင်းသားများအနေဖြင့် အခက်အခဲများစွာရှိနေကြောင်း ကျောင်းသားမိဘများ၏ ပြောကြားချက်များအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကျောင်းကား အစီးရေ ၁၀၀ ဖြင့် ယခုနှစ်တွင် ရန်ကင်းနှင့်ကမာရွတ် TTC ကျောင်းများ၌  စတင်ပြေးဆွဲမည်ဖြစ်သော်လည်း ကျောင်းကားခကြီးမြင့်မည်ကို စိုးရိမ်နေခြင်း၊ သတ်မှတ်လမ်းကြောင်းပေါ်မှ စုရပ်သို့ သွားရောက်စီးနင်းရန် အခက်အခဲရှိခြင်းစသည့် အခက်အခဲများကြောင့် ယခင်စီးနင်းနေကျ ကျောင်းကားများကိုသာ ဆက်လက်စီးနင်းရန် အစီအစဉ်ရှိကြောင်း ရန်ကင်း TTC သို့ ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသားမိဘများထံမှ သိရသည်။

“အန်တီတို့က ရှစ်မိုင်မှာနေတာဆိုတော့ လမ်းကြောင်းပေါ်မှာ မရှိဘူး။ အဲဒီတော့ အခက်အခဲရှိတော့ အရင်စီးတဲ့ ကျောင်းကားကို ပဲပြန်စီးဖို့ရှိတယ်။ ပြီးတော့ သူတို့က ဈေးဘယ်လောက်သတ်မှတ်မလဲ မသိသေးဘူး” ဟု ရန်ကင်း TTC ကျောင်းသို့ မေ ၂၈ ရက် နံနက်ပိုင်းတွင် ကျောင်းလာရောက်အပ်နှံသည့် မူလတန်းကျောင်းသူတစ်ဦး၏ မိခင်ဖြစ်သူက ပြောကြားသည်။

ရန်ကင်းTTC ကျောင်းသို့ သွားရောက်စုံစမ်းမေးမြန်းမှုအရ YRTA ကျောင်းကား စီးနင်းမည့် ကျောင်းသားများအား စာရင်းပေးခိုင်းထားပြီး ယခင်နှစ်များတွင် စီးနင်းခဲ့သည့် ဖယ်ရီများကို ပြန်လည်စီးနင်းသူများအနေဖြင့် စာရင်းပေးရန် မလိုကြောင်း ကျောင်းသားမိဘများ၏ ပြောကြားချက်အရ သိရသည်။

YRTA ကျောင်းကားခများနှင့် တစ်ဦးချင်းပြေးဆွဲမည့် ကျောင်းကားများ၏ ကျောင်းကားခများကို မေ ၃၀ ရက်တွင် အစည်းအဝေးပြုလုပ်၍ တရားဝင်သတ်မှတ်ဆုံးဖြတ်မည်ဖြစ်ကြောင်းသိရပြီး လက်ရှိတွင် ခန့်မှန်းကျောင်းကားခများသာ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

ကျောင်းကြိုပို့ကားများအားလုံးကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ကားအရောင် အဝါရောင်နှင့်၊ ဘယ်မောင်း၊ ယာဉ်၏ညာဘက်တွင် အတက်အဆင်း တံခါးပေါက်နှင့် လုံခြုံစိတ်ချရသည့် သော့စနစ်တပ် ဆင်ရမည်ဖြစ်ကြောင်း၊ ကျောင်းကားများ၏ အရှေ့နှင့် အနောက်ဘက်တွင် Schook Bus စာသား၊ ကျောင်းအမည်နှင့် တယ်လီဖုန်းနံပါတ်များ ရေးထားရမည်ဖြစ်ကာ ကျောင်းသား ၁၀ ဦးနှင့် အထက်တင်ဆောင်နိုင်ကြောင်း၊ ထိုင်ခုံများတွင် ခါးပတ်ပါရမည်ဖြစ်ပြီး ရှေးဦးသူနာပြုသေတ္တာ၊ မီးသတ်ဆေးဘူး၊ ယာဉ်မောင်းအနေဖြင့် ယာဉ်မောင်းလိုင်စင် (ဃ) လိုင်စင်ရှိရမည်ဖြစ်ကာ တစ်နာရီလျှင် ကီလိုမီတာ ၄၀ ထက် ကျော်လွန်မောင်းနှင်ခြင်းမပြုရန် သတ်မှတ်ထားကြောင်း သိရသည်။

Most Read

Most Recent