ပုဒ်မသုံးခုဖြင့် ဖမ်းဆီးတရားစွဲခံထားရသော ဒေါက်တာအေးမောင် ကျန်းမာရေးစစ်ဆေးခွင့်တင်ပြမှု တစ်လကျော်ကြာပြီးနောက် ခွင့်ပြုချက်ရရှိပြီး စစ်တွေပြည်သူ့ဆေးရုံတွင် သွားရောက်စစ်ဆေးခံ

ပုဒ်မသုံးခုဖြင့် ဖမ်းဆီးတရားစွဲခံထားရသော ဒေါက်တာအေးမောင် ကျန်းမာရေးစစ်ဆေးခွင့်တင်ပြမှု တစ်လကျော်ကြာပြီးနောက် ခွင့်ပြုချက်ရရှိပြီး စစ်တွေပြည်သူ့ဆေးရုံတွင် သွားရောက်စစ်ဆေးခံ
Published 29 May 2018

ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသော ဒေါက်တာအေးမောင်အား တွေ့ရစဉ်

စာပေဟောပြောပွဲတွင် ဟောပြောခဲ့မှုကြောင့် ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသော ဒေါက်တာအေးမောင်အနေဖြင့် ကျန်းမာရေးအခြေအနေအရ ဆေးစစ်ဆေးခွင့် တင်ပြထားသည်မှာ တစ်လကျော်ကြာပြီးနောက် မေ ၂၈ ရက် စစ်တွေပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ဆေးစစ်ဆေးချက်များ လုပ်ဆောင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် ဒေါက်တာ အေးမောင်တွင် ခါးနာရောဂါမှာ ယခင်ကတည်းက ရှိကြောင်း၊ အဆိုပါရောဂါကြောင့် ပင်စင်ယူထားခြင်းဖြစ်ကြောင်း ဒေါက်တာအေးမောင် ၏ ဇနီး ဒေါ်မြမြသက်၏ ပြောကြားချက်အရ သိရသည်။

ဒေါက်တာအေးမောင်၏ဇနီး ဒေါ်မြမြသက်က “သူက အရင်ကတည်းက ကျန်းမာရေးသိပ်မကောင်းဘူး။ ခါးဆစ်နည်းနည်း လွဲနေလို့ ခရီးမသွားတော့ဘူးဆိုပြီး ဆေးပင်စင်ယူထားရတာလေ။ ခါးနာလို့ ကျန်းမာရေး စစ်ခွင့်ပြုဖို့  သက်ဆိုင်ရာကို တင်ပြထားတာ တစ်လကျော်ပါပြီ။ ဒီနေ့မှ ကျန်းမာရေးစစ်ဆေးခွင့်ရလို့ အစစ်ဆေးခံယူတာပါ။ အကျဉ်းထောင်မှာဆိုတော့ အပြင်က ဆေးတွေမှာ သောက်နေရတော့ အခုလိုမျိုးစစ်ဆေးလိုက်တာ အကောင်းဆုံးပေါ့” ဟု ပြောကြားသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား ဇန်နဝါရီ ၁၅ ရက်က ရသေ့တောင်မြို့၌ ပြုလုပ်ခဲ့သည့် ၂၃၃ နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာကျဆုံးခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောခဲ့မှုဖြင့် နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (ခ) (ဂ)၊ မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁) တို့ဖြင့် ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက စာရေးဆရာ ဝေဟင်အောင်အား သက်ဆိုင်ရာ အာဏာပိုင်များက နေအိမ်တွင် ဖမ်းဆီးခဲ့သည်။

ဇန်နဝါရီ ၁၈ ရက်တွင် ဒေါက်တာအေးမောင်အား စစ်တွေမြို့ရှိ ၎င်း၏နေအိမ်တွင် အာဏာပိုင်များက လာရောက်ဖမ်းဆီးခဲ့ပြီး စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းထားကာ အမှုရင်ဆိုင်ရလျက်ရှိသည်။

“ဒေါက်တာက အရင်ကတည်းက ကျန်းမာရေးမကောင်းဘူး။ အခုလည်း အဆုတ်မှာ စပေါ့နည်းနည်းရှိတယ်လို့ ဆရာက ပြောသွားတယ်။ လာမယ့် ၃၀ ရက်မှာ ၁၂ ကြိမ်မြောက် ရုံးချိန်းကို ချိန်းဆိုထားတာရှိတယ်” ဟု ဒေါက်တာအေးမောင်၏ မိတ်ဆွေ ဦးအောင်သန်းဝေက ပြောကြားသည်။

Most Read

Most Recent