ရန်ကုန်တိုင်းဒေသကြီးအတွင်း အော်တိုတယ်လီဖုန်းလိုင်းများကို Voice သာမက Data ပါ အသုံးပြုနိုင်သည့် Multi Service Access Node (MSAN) ဖြင့် အဆင့်မြှင့်တင် အစားထိုးလဲလှယ်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း အော်တိုတယ်လီဖုန်းလိုင်းများကို Voice သာမက Data ပါ အသုံးပြုနိုင်သည့် Multi Service Access Node (MSAN) ဖြင့် အဆင့်မြှင့်တင် အစားထိုးလဲလှယ်ပေးလျက်ရှိ
Published 28 May 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်း အော်တိုတယ်လီဖုန်းလိုင်းများကို Voice သာမက Data ပါ အသုံးပြုနိုင်သော Multi Service Access Node (MSAN) အိတ်ချိန်းများဖြင့် အစားထိုးလဲလှယ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က မေ၂၅ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆဋ္ဌမပုံမှန် အစည်းအဝေး (၃၃ ရက်မြောက်) တွင် ပြောကြားသည်။

ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကိုယ်ပိုင်အမည်ပေါက် ကြိုးဖုန်းများ အလုံးရေမည်မျှရှိပြီး ဆက်လက်သုံးစွဲနေသော ကြိုးဖုန်းအလုံးအရေအတွက် မည်မျှကျန်ရှိသည်ကို သိရှိလိုပါကြောင်း၊ အော်တိုကြိုးဖုန်းများ၏ ဆက်သွယ်ရေးကြိုးလိုင်းများအား ရာသီမရွေး ပြတ်တောက်မှုမရှိစေရန် စီမံဆောင်ရွက်ပေးမည့် အနေအထားနှင့် ဟန်းဖုန်းများနည်း ဝန်ဆောင်မှုကောင်းများဖြစ်သော ဖုန်းခေါ်ဆိုခများ လျှော့ချခြင်း၊ ဆက်သွယ်မှု ပြတ်တောက်ခဲ့သည်ရှိသော် အမြန်ဆုံး အဆင်ပြေအောင် ဆောင်ရွက်ပေးမည့်စီမံမှုများ ရှိ/မရှိ၊ ကြိုးဖုန်းများအတွက် ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် စီမံမှုများ မရှိခဲ့ပါက ကနဦးတပ်ဆင်ခများအား ပြန်လည်ထုတ်ပေးမည့် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း” မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ဝန်ကြီးဒေါ်နီလာကျော်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အော်တိုတယ်လီဖုန်းသုံးစွဲသူများ ယခုထက်ပိုမိုအဆင်ပြေစွာ သုံးစွဲနိုင်ရန်အတွက် လက်ရှိ အော်တိုအိတ်ချိန်းဖုန်းများအား Voice သာမက Data ပါ အသုံးပြုနိုင်သော ပိုမိုခေတ်မီပြည့်စုံသည့် Multi Service Access Node (MSAN) အိတ်ချိန်းများဖြင့် အဆင့်မြှင့်တင် အစားထိုးလဲ လှယ်ဆောင်ရွက်ပေးလျက် ရှိပါတယ်” ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိတ်ချိန်းလေးခုအား Multi Service Access Node (MSAN) အိတ်ချိန်း ၅၂ ခုဖြင့် လဲလှယ်ပေးပြီးဖြစ်ပြီး ကျန်ရှိနေသည့် အော်တိုအိတ်ချိန်း ၄၃ ခုအား Multi Service Access Node (MSAN) အိတ်ချိန်း ၄၇၆ ခု ဆက်လက်အစားထိုး လဲလှယ်သွားမည်ဖြစ်ကာ၂၀၁၉ ခုနှစ် ဇွန်လကုန်ခန့်တွင် အော်တိုအိတ်ချိန်းဖုန်းအားလုံး ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထု့ိပြင် မြန်မာဆက်သွယ်ရေးလုပ်ငန်းက အော်တိုတယ်လီဖုန်းလိုင်းများ ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်နိုင်ရန် ပြင်ပပုဂ္ဂလိက လုပ်ငန်းရှင် Service Provider များအား ၂၀၁၄ ခုနှစ် မတ်လမှစ၍ လုပ်ငန်းအပ်နှံပြီး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးများရှိ အိတ်ချိန်းဧရိယာ ၁၂ ခု တွင် လုပ်ငန်းအပ်နှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အိတ်ချိန်းဧရိယာလုပ်ငန်း တိုးချဲ့၍ ပြင်ပုဂ္ဂလိကလုပ်ငန်းရှင် Service Provider များအား လုပ်ငန်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အော်တိုကြိုးဖုန်း Public Switched Telephone Network အလုံးပေါင်း ၂၅၈၅၀၇ လိုင်းရှိကြောင်း၊ တပ်ဆင်သုံးစွဲနေသည့် လိုင်းပေါင်း ၂၀၅၉၁၃ ရှိပြီး တပ်ဆင်သုံးစွဲနိုင်သည့် အော်တိုတယ်လီဖုန်းလိုင်း ၅၁၄၅၈ လိုင်းလက်ကျန်ရှိကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အော်တိုတယ်လီဖုန်းလိုင်းနှင့် မိုဘိုင်းလိုင်းများအကြား သက်သာသော ခေါ်ဆိုခနှုန်းထားများအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အော်တိုတယ်လီဖုန်းများ ကောင်းမွန်သော ဝန်ဆောင်မှုများကို စီမံဆောင်ရွက်လျက်ရှိကာ ကနဦး ဖုန်းတပ်ဆင်ခများမှာ တယ်လီဖုန်းကွန်ရက် တည်ဆောက်ခြင်း ကုန်ကျစရိတ်များဖြစ်၍ ကနဦးတပ်ဆင်ခများအား နိုင်ငံတော်ပေးသွင်းပြီးသောကြောင့် ပြန်လည်ထုတ်ပေးရန် အစီအစဉ် မရှိကြောင်း ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။