ပေါင်မြို့နယ် မုတ္တမမြို့ လက်ပံကျေးရွာ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမနံဘေးတွင် ယာဉ်လေးစီး ဆင့်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ

ပေါင်မြို့နယ် မုတ္တမမြို့ လက်ပံကျေးရွာ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမနံဘေးတွင် ယာဉ်လေးစီး ဆင့်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ
Published 28 May 2018

ဓာတ်ပုံ - ဘိုဘိုဝင်း

မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမမြို့ လက်ပံကျေးရွာ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမဘေး၌ မေ ၂၇ ရက် နံနက် ၄ နာရီခွဲခန့်က ယာဉ်လေးစီး ဆင့်တိုက်မှုဖြစ်ပွားပြီး ယာဉ်မောင်းတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပေါင်မြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့ ကရင်ပြည်နယ် ဘားအံမြို့နယ် နောင်လုံကျေးရွာနေ သီဟကျော် (၂၃ နှစ်)(ဘ) ဦးတင်မောင်ရွှေ မောင်းနှင်ပြီး မော်လမြိုင်မြို့မောင်ငံရပ်ကွက်နေ ဇင်မင်း (၃၈ နှစ်) (ဘ) ဦးကျော်အေး လိုက်ပါလာသည့် ယာဉ်အမှတ် 3C/---- Nissan အမျိုးအစား ယာဉ်သည် ပေါင်မြို့နယ် မုတ္တမမြို့ လက်ပံကျေးရွာ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်း မိုင်တိုင် (၁၈၁/၆) နှင့် (၁၈၁/၇) ကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ခြမ်း မော်လမြိုင်မြို့ဘက်သို့ခေါင်းတည်၍ ရပ်ထားသော ၂ခ/---- Nissan အမျိုးအစား ၁၂ ဘီးယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိပြီး ၎င်းယာဉ်ရှေ့တွင် ရပ်ထားသည့် 5B/---- Nissan အမျိုးအစား ၁၀ ဘီးယာဉ်နှင့် 3C/---- Nissan အမျိုးအစား ၁၀ ယာဉ်တို့အား အဆင့်ဆင့် တိုက်မိခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် 3c/---- Nissan အမျိုးအစား ယာဉ်မောင်း သီဟကျော်တွင် နှာခေါင်းပြတ်ရှ ဒဏ်ရာ၊ ဝဲယာခြေထောက်ကျိုး ဒဏ်ရာ၊ ဝဲခြေချောင်းသုံးချောင်းပြတ်ရှ ဒဏ်ရာများဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် လိုက်ပါလာသူ ဇင်မင်းတွင် ယာလက်နာကျင်ဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာ၊ ဝဲခြေမျက်စိ ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“မုတ္တမမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး မနက် ၄း၄၀ လောက် သတင်းရတယ်။ ဒဏ်ရာရလူနာတစ်ဦးကို မုတ္တမတိုက်နယ်ဆေးရုံကို ပို့ထားတယ်လို့ သိရတယ်။ ယာဉ်မောင်းကတော့ ကားခေါင်းမှာ ညပ်နေတယ်လို့ သိရတော့ မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားပြီး မီးသတ်တပ်ဖွဲ့နဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး ညပ်နေတဲ့လူကို တစ်နာရီလောက် အချိန်ပေးပြီး ထုတ်ခဲ့ရပါတယ်။ ယာဉ်မောင်းသူရဲ့ Dead Body ကိုတော့ မုတ္တမတိုက်နယ်ဆေးရုံက ရင်ခွဲရုံကို မြတ်မြတ်စိတ်ထား လူမှုကူညီရေးအသင်းက ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ပါတယ်” ဟု ယာဉ်တိုက်မှုအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သည့် ဘိုဘိုဝင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ ဦးဘိုဘိုဝင်းက ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြေမောင်းနှင်သူ ယာဉ်မောင်း သီဟကျော်အပေါ် မုတ္တမနယ် မြေရဲစခန်းက ယာဉ် (ပ) ၁၄/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (က)/၃၃၇ အရ အမှုဖွင့် အရေးယူထားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

Most Read

Most Recent