ထိုင်းတောင်ပိုင်း၌ MoU မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်ပြင်ပတွင် သေနတ်ဖြင့် ပစ်သတ်ခံရ

ထိုင်းတောင်ပိုင်း၌ MoU မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်ပြင်ပတွင် သေနတ်ဖြင့် ပစ်သတ်ခံရ
Published 28 May 2018

ထိုင်းနိုင်ငံတောင်ပိုင်း ကဘီမြို့ (Krabi) ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၏ အလုပ်ချိန်ပြင်ပတွင် လောင်းကစားလုပ်ကြရာမှ စကားများရန်ဖြစ်ပြီး သေနတ်နှင့် ပစ်ခတ်မှုဖြစ်ပွား၍ MoU လုပ်သားတစ်ဦး သေဆုံးသည့်ဖြစ်စဉ် မေ ၂၆ ရက်ညက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွား၍ မြန်မာအလုပ်သမားတစ်ဦး သေဆုံးကြောင်း သတင်းရလျှင်ရချင်း သက်ဆိုင်ရာ မြန်မာအေဂျင်စီနှင့် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF Call Centre မှ တာဝန်မှူးတို့သည် အလုပ်သမားသံအရာရှိထံ သတင်းပို့ပြီးနောက် ကဘီမြို့သို့ ညတွင်းချင်း သွားရောက်ပြီး အမှုဖွင့်တိုင်ကြားခြင်း၊ တရားခံဖမ်းမိနိုင်ရေးအတွက် ကဘီရဲဌာန၊ ကဘီမြို့ပရဟိတအသင်းမှ ဦးမှတ်ကြီး၊ ကိုမျိုးချစ်တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သေဆုံးသူ မောင်ကျော်လင်းသည် ကုမ္ပဏီတူ၊ လုပ်ငန်းတူ မြန်မာအလုပ်သမားများ၊ ထိုင်းအလုပ်ကြပ် အပါအဝင် ထိုင်းလူမျိုးလေးဦးတို့နှင့်အတူ တောက်ကွန်းပါးခေါ် ထိုင်းခြောက်ကောင်ဂျင်ပုံစံ လောင်းကစားစုပြီး ကစားခဲ့ကြကြောင်း၊ ကစားရာမှ အလျော်အစားကိစ္စနှင့် ဒိုင်ဖြစ်သူ ထိုင်းအလုပ်ကြပ်နှင့် စကားများရန်ဖြစ်ကြကြောင်း၊ မြန်မာလုပ်သားများက ဝိုင်းဝန်းဖျန်ဖြေစဉ် ထိုင်းအလုပ်ကြပ်ဖြစ်သူ ဖိကွန်းဆိုသူက အခန်းထဲမှ ၎င်းပိုင်ဆိုင်သော သေနတ်ကိုယူ၍ မောင်ကျော်လင်းအား လိုက်လံရှာဖွေ၍ ပစ်ခတ်ပြီး ကားမောင်း ထွက်ပြေးသွားကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့မှ အလုပ်လာရောက် လုပ်ကိုင်သော မောင်ကျော်လင်း MB 31125 ၏ ကျောဘတ်မှကျည်ဝင်၍ ရင်ညွန့်အထက် နှလုံးကိုဖောက်သည့်ဒဏ်ရာနှင့် ည ၉ နာရီမိနစ် ၂၀ တွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ပစ်ခတ်ထွက်ပြေးသူအား ဖမ်းမိနိုင်ရေးအတွက် ကဘီရဲစခန်းက အပူတပြင်းကြိုးစား ဆောင်ရွက်နေကြောင်းနှင့် သက်ဆိုင်ရာအေဂျင်စီနှင့် MOEAF အနေဖြင့် ကျန်ရှိသော လုပ်သားများ၏ လုံခြုံရေး၊ အခွင့်အရေးများ အပြည့်အဝရရှိရေး၊ အမှုမှန်ဖော်ထုတ်နိုင်ရေး၊ အသုဘကိစ္စ ဆောင်ရွက်နိုင်ရေးတို့အတွက် အစစ တာဝန်ယူ ဆောင်ရွက်နေကြကြောင်း MOEAF ပြန်ကြားရေးကော်မတီထံမှ သတင်းရရှိသည်။

Most Read

Most Recent