မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး လူမနေရန် သတ်မှတ်ထားသည့် နေရာတွင် တိုးပွားလာသော ဘင်္ဂါလီများကို ရှင်းလင်း၍ ရသော်လည်း မြန်မာနိုင်ငံအတွက် ထိုးနှက်ချက် အသစ်များ ဖန်တီးထားသည်ဟု သုံးသပ်ပြီး မရှင်းလင်းဘဲထားခြင်းဖြစ်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ပြောကြား

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး လူမနေရန် သတ်မှတ်ထားသည့် နေရာတွင် တိုးပွားလာသော ဘင်္ဂါလီများကို ရှင်းလင်း၍ ရသော်လည်း မြန်မာနိုင်ငံအတွက် ထိုးနှက်ချက် အသစ်များ ဖန်တီးထားသည်ဟု သုံးသပ်ပြီး မရှင်းလင်းဘဲထားခြင်းဖြစ်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ပြောကြား
Published 28 May 2018

တောင်ပြိုနယ်စပ်ရှိ ခြံစည်းရိုး အပြင်ဘက်တွင် တရားမဝင် နေထိုင်သူများအား တရုတ်အပါအဝင် နိုင်ငံတကာ သံတမန်များ သွားရောက်တွေ့ဆုံစဉ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ် နိုင်ငံနယ်နိမိတ်မျဉ်းအနီး မြန်မာပိုင်နက်အတွင်း လူမနေရန် သတ်မှတ်ထားသော နေရာတွင် တိုးပွားလာသော ဘင်္ဂါလီများကို မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်း၍ ရသော်လည်း ထိုသို့ရှင်းလင်းမှုသည် မြန်မာနိုင်ငံအတွက် ထိုးနှက်ချက် အသစ်များ ဖန်တီးထားခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်ပြီး မရှင်းလင်းဘဲထားခြင်းဖြစ်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

ခြံစည်းရိုးအပြင်ဘက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး လူမနေထိုင်ရန် သတ်မှတ်ထားသည့် နေရာတွင် ယာယီတဲများ ဆောက်လုပ်ကာ လူဦးရေနှင့် အိမ်ထောင်စုများ တိုးလာပြီး ၎င်းတို့အား ရှင်းလင်းမှု မလုပ်ဆောင်ရခြင်း အကြောင်းနှင့် ပတ်သက်၍ ဦးဇော်ဌေးက The Daily Eleven သတင်းစာသို့ သုံးသပ်ပြောကြား ခဲ့ခြင်းဖြစ်သည်။

“နှစ်နိုင်ငံနယ်နိမိတ်မျဉ်းဟာ မြန်မာ့ပိုင်နက်ဖြစ်တယ်။ သူတို့တွေ အဲဒီနေရာမှာ နှစ်နိုင်ငံ သဘောတူညီချက်အရ နေလို့မရဘူး။ သို့သော် နေနေကြတယ်။ ဒီလိုနေတာကို မြန်မာအစိုးရက ဘာဖြစ်လို့ မရှင်းသလဲ။ အမှန်က မြန်မာဘက်က ရှင်းလို့ရတယ်။ မြန်မာအစိုးရရဲ့ သဘောအတိုင်း ရှင်းလို့ရတယ်။ သို့သော် ရှင်းတဲ့အခါကျရင် ပြဿနာတွေ ဖန်တီးဖို့ သူတို့ဘက်မှာ CCTV တွေ တပ်ထားတယ်။ ဘင်္ဂလားဒေ့ရှ်ဘက် အခြမ်းမှာ။ အဲဒီတော့ အဲဒီမှာ ကျွန်တော်တို့က ကိုယ့်နိုင်ငံ နယ်မြေပိုင်နက်ဖြစ်တဲ့ သဘောတူညီချက်အရ လုပ်လို့မရတာကို လာလုပ်တဲ့အတွက် ကျွန်တော်တို့က ကျူးကျော်တွေ ဖယ်သလိုပေါ့နော်။ အဲဒီလို ဖယ်လာအောင် လုပ်ထားတယ်။ အဲဒီတော့ မြန်မာအစိုးရက အဲဒီမှာ ရှင်းပြီဆိုရင် မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်တွေပေါ့နော်။ အထူးသဖြင့် ရဲနဲ့လုပ်ရမှာ။ လုပ်တဲ့အခါကျရင် ဒီမှာတာမွေမှာ ဖြစ်သလိုမျိုး ဆန္ဒပြသလိုပဲ။ ဟိုမှာကျတော့ အဲဒီမှာရှိတဲ့ မိသားစုတွေ အများကြီးရှိတယ်။ အဲဒါ တွေကို ဖယ်တဲ့အခါမှာ အဲဒီမှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ အထောက်အထားတွေနဲ့ မြန်မာနိုင်ငံကို ပက်ပက်စက်စက် ထိုးနှက်ချက် အသစ်တွေလုပ်ဖို့ ဖန်တီးထားတယ်ဆိုတာ ကျွန်တော်တို့က သုံးသပ်တာပေါ့နော်။ ဒီသုံးသပ်ချက် ရထားတဲ့အတွက် ကျွန်တော်တို့က သူတို့ကို မလုပ်ဘဲ ထားထားတာ။ လုပ်လိုက်ရင် ရတယ်။ သို့သော် လုပ်လိုက်ရင် သူတို့ထောင်ချောက်ဆိုတာ သိတဲ့အတွက် ဒီထောင်ချောက်ထဲကို မဝင်ဘူး” ဟု ဦးဇော်ဌေးက ပြောကြားသည်။

လူမနေထိုင်ရန် သတ်မှတ်ထားသည့်နေရာတွင် လာရောက်နေ ထိုင်သူများ အနေဖြင့် ၎င်းတို့၏ စားဝတ်နေရေးအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လုံလုံလောက်လောက် မပါသော်လည်း ၎င်းတို့အား အဆိုပါ နေရာတွင် ရေရှည်နေနိုင်ရေးအတွက် နိုင်ငံတကာ INGO များက ကူညီထောက်ပံ့နေပြီး ထိုသို့ ကူညီထောက်ပံ့မှုကို ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ကူညီထောက်ပံ့ နေခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“အဲဒီတော့ ဘင်္ဂလားဒေ့ရှ် ဘက်ကနေပြီးတော့ ခွင့်ပြုပြီးတော့ ကူညီနေတယ်။ အဲဒါတွေလည်း ကျွန်တော်တို့ ထောက်ပြတယ်။ နောက်ဆုံးအချက်က ဘင်္ဂလားဒေ့ရှ်ဘက်က ဘာကို မျှော်လင့်ထားသလဲ။ ဘာကို ရည်ရွယ်ထားသလဲ။ ဘာကြောင့် ဒီလိုမျိုး လုပ်နေသလဲဆိုတာ ကြည့်လိုက်ရင် အဲဒီမှာ ဘင်္ဂလားဒေ့ရှ်ဘက် အခြမ်းမှာ ခိုအောင်းဖို့ ကျင်းတွေတူးတယ်။ ဘန်ကာတွေ ဆောက်ထားတယ်။ တကယ့် ကျွန်တော်တို့ တိုက်ပွဲဖော်သလိုပေါ့နော်။ အဲဒီပုံစံနဲ့ အခြေခံ အဆောက်အအုံတွေ အဲဒီမှာ ဆောက်ထားတယ်။ ဆောက်ထားတော့ ဘာရည်ရွယ်ချက်လဲဆိုတော့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲတွေ ကာကွယ်ဖို့ဆိုတာ ကျွန်တော်တို့က ပြောလို့ရတယ်။ သို့သော် အဲဒါတွေလည်း ကျွန်တော်တို့ နှစ်နိုင်ငံ နယ်နိမိတ်ဆိုင်ရာ သဘောတူညီချက်တွေအရ လုပ်လို့မရဘူး။ လုပ်လို့မရတဲ့အတွက် အဲဒါတွေကို မြန်မာနိုင်ငံက ကန့်ကွက်ထားတယ်။ စောစောက ပြောတဲ့ ထောက်ပံ့မှုတွေကိုလည်း ကန့်ကွက်တယ်။ ဘင်္ဂလားဒေ့ရှ်ဘက် အခြမ်းမှာ ဘန်ကာတွေ ဆောက်တာနဲ့ ပတ်သက်လို့လည်း ကန့်ကွက်ထားတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ထို့ပြင် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီးတွင် နေထိုင်သည့်အဖွဲ့များကို ဦးဆောင်သူမှာ ဒင်းန်မိုဟာမက် ဆိုသူဖြစ်ပြီး ၎င်းသည် အာဆာ ဘင်္ဂါလီ အကြမ်းဖက် အဖွဲ့အစည်းကို အခိုင်အမာ ထောက်ခံအားပေးသူ ဖြစ်ကာ ၎င်းကို ဖမ်းဆီးနိုင်ရေး အစိုးရက ဆောင်ရွက်နေကြောင်းနှင့် ဒင်းန်မိုဟာမက် ဦးဆောင်သည့် အဖွဲ့ထဲတွင် အကြမ်းဖက်သမားများ ပါဝင်နေသည်ဟု သိရကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“အကြမ်းဖက်သမားတွေက ကျွန်တော်တို့ မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကို တောင်းဆိုထားတဲ့ အကြမ်းဖက်သမားတွေ စာရင်းမှာ ပါလာပြီး အဖမ်းခံရမှာလည်း ကြောက်တယ်။ အဲဒီတော့ ဒုက္ခသည် စခန်းတွေမှာ မနေဘူး။ အနီးအနားမှာရှိတဲ့ ရွာတွေမှာ မြေနေရာ ငှားပြီးနေတယ်။ ပြီးရင် နယ်နိမိတ်မျဉ်းနားမှာနေတဲ့ လူအုပ်ကြီးထဲမှာ ပျံ့နှံ့ပြီး နေနေတယ်။ ကျွန်တော်တို့ သုံးသပ်ချက်က နယ်နိမိတ်မျဉ်းမှာ နေထိုင်တဲ့ အုပ်စုကြီးထဲကနေပြီးတော့ နိုင်ငံတကာကိုလည်း မှားယွင်းတဲ့ အထောက်အထားတွေ ပေး၊ အမှားအယွင်းတွေ ပုံဖော်နေတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အာဆာအကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အခြမ်းသို့ ထွက်ပြေးသွားသော ဘင်္ဂါလီများ ရခိုင်ပြည်နယ်အတွင်း ပြန်လည် အခြေချ နေထိုင်နိုင်ရေးကိစ္စ၊ နှစ်နိုင်ငံနယ်စပ်အတွင်း ဖြစ်ပေါ်နေသော ကိစ္စများနှင့် ပတ်သက်၍ မြန်မာအစိုးရက အဆင်ပြေအောင် မည်မျှပင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နေသော်လည်း အဆင်ပြေမှုရှိခြင်း၊ မရှိခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကောင်း၊ မကောင်း အပေါ် မူတည်နေသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့အတူ နှစ်နိုင်ငံ နယ်နိမိတ် လူမနေထိုင်ရန် သတ်မှတ်ထားသည့် နေရာတွင် ဝင်ရောက် နေထိုင်နေသော ဘင်္ဂါလီများ၏ ပြဿနာကို ဖြေရှင်းရာတွင်လည်း နှစ်နိုင်ငံ သဘောတူညီချက်များကို အခြေခံပြီး ညှိနှိုင်းဖြေရှင်း ဆောင်ရွက်နိုင်ရေး အစိုးရက ကြိုးပမ်းဆောင်ရွက်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

 

Most Read

Most Recent