ဗန်းမောက်မြို့နယ်တွင် Unicef ထောက်ပံ့မှုပေးထားသည့် မူကြိုကျောင်းများ ထောက်ပံ့မှု မရရှိသောကြောင့် မူကြိုကျောင်းများအားလုံး ရပ်နားရတော့မည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ဗန်းမောက်မြို့နယ်တွင် Unicef ထောက်ပံ့မှုပေးထားသည့် မူကြိုကျောင်းများ ထောက်ပံ့မှု မရရှိသောကြောင့် မူကြိုကျောင်းများအားလုံး ရပ်နားရတော့မည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 27 May 2018

ကသာခရိုင် ဗန်းမောက်မြို့နယ်ရှိ Unicef က ထောက်ပံ့ထားသည့် မူကြိုကျောင်း တစ်ကျောင်းကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် Unicef ကထောက်ပံ့မှုပေးထားသည့် မူကြိုကျောင်းများသည် ယခုအခါတွင် ထောက်ပံ့မှု မရရှိသောကြောင့် မူကြိုကျောင်းများအားလုံး ရပ်နားရတော့မည်ဖြစ်ကြောင်း ဗန်းမောက်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက ပြောကြားသည်။

မူကြိုကျောင်းများ တည်ထောင်စဉ်ကာလက ကျေးရွာ ပြည်သူလူထုသည် ဆန်းစပါးများပေး၍ ဆရာ၊ ဆရာမများ ငှားရမ်းခဲ့ကြောင်း၊ Unicef က သင်တန်းပို့ချပေးခဲ့သော ဆရာ၊ ဆရာမများသည် မူကြိုကျောင်းများတွင် ဆက်လက်တာဝန် ထမ်းဆောင်ရန်အတွက် တရားဝင် ပါမစ်ချပေးမလားဟု စောင့်ဆိုင်း မျှော်နေခဲ့သော်လည်း တရားဝင် ပါမစ်မရခဲ့ခြင်းကြောင့် အလုပ်ကနေ ထွက်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“မူကြိုကျောင်းရှိတဲ့ ရွာတွေမှာက နှစ်တိုင်းလိုလိုဆရာ၊ ဆရာမတွေကို ဆန်စပါးပေးပြီး ငှားခဲ့ကြတယ်။ တစ်နှစ်ကို ဆန်စပါး အတင်းရေ ၆၀၊ ၇၀ အဲဒီလို ငှားခဲ့ကြတာ။ နောက်ဆုံးတော့ သင်တန်းဆင်းပြီးတဲ့ ဆရာ၊ ဆရာမတွေကလည်း ပါမစ်ရမလားလို့ ငါးနှစ်လောက်ကို မျှော်ခဲ့တယ်။ သို့သော် ငါးနှစ်ပြည့်ပြီး ပေမယ့်လည်း ပါမစ်က မရခဲ့အတွက်ကြောင့်မို့လို့ အလုပ်ကနေ ထွက်သွားကြတယ်။ အပြင်မှာလည်း မူကြိုကျောင်းမှာ တာဝန်ထမ်းဆောင်ဖို့အတွက် ဆရာ၊ ဆရာမ ငှားရတာ ခက်ခက်ခဲခဲတွေ ရှိလာတယ်။ ဆရာ ဆရာမတွေ ဘက်ကလည်း တစ်နှစ်ကို ဆန်စပါး ၆၀၊ ၇၀ ဆိုတော့ တွက်ခြေမကိုက်တော့ဘူး။ ငှားတဲ့သူတွေ ဘက်ကလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်လာတဲ့ အခါကျတော့ အချို့ကျောင်းတွေဆိုရင် ဒီနှစ်ထဲမှာ ရပ်နားဖို့ အစီအစဉ်တွေရှိတယ်။ မနှစ်ကလည်း အချို့ကျောင်းတွေ ရပ်နားသွားရတဲ့ အနေအထားမှာ ရှိပါတယ်” ဟု ဗန်းမောက်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက ပြောကြားသည်။

ဗန်းမောက်မြို့နယ်ရှိ မူကြိုများသည် အစိုးရက ချပေးထားသည့် မူကြိုကျောင်းများ မဟုတ်ကြောင်း၊ Unicef ၏ အထောက်အပံ့ဖြင့်တည် ဆောက်ထားသည့် မူကြိုကျောင်းများသာဖြစ်ကြောင်း ကနဦး မူကြိုကျောင်းများ တည်ဆောက်ခဲ့စဉ် ကာလက မူလတန်း အောင်ချက်ကောင်းသည့် ကျောင်းများအား ဦးစားပေး တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့နောက် Unicef ၏ အထောက်အပံ့များဖြင့် မူကြိုကျောင်းများအား ယင်းမြို့နယ်တွင် ဆက်လက် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဝင်းရွှေက ဆိုသည်။

Unicef သည် နှစ်အလိုက် စီမံကိန်းဖြင့် လာရောက်ခဲ့ခြင်းကြောင့် မူကြိုကျောင်းများသည် ငါးနှစ်ပြည့်ပြီးနောက်ပိုင်း Unicef ကအထောက်အပံ့များ ရပ်နားသွားခဲ့ခြင်း ဖြစ်ကြောင်း၊ မူကြိုကျောင်းများ အားလုံးသည် အခက်ခဲများ စတင်ဖြစ်ပေါ်ခဲ့ကြောင်း၊ လက်ရှိတွင် အချို့မူကြို ကျောင်းများသည် ရပ်/ရွာက မိဘများက ဆန်စပါးများပေးကာ ဆရာ၊ ဆရာမများအား ငှားရမ်း၍ မူကြိုကျောင်းများ ဖွင့်နေသေးသည့် ကျောင်းများရှိကြောင်း ဗန်းမောက်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက ဆက်လက် ပြောကြားသည်။

 

Most Read

Most Recent