မြန်မာ အပါအဝင် မဟာမဲခေါင်ဒေသ၌ ငှက်ဖျားရောဂါကင်းဝေးရေး အရှိန်မြှင့်လုပ်ဆောင်နေပြီး မြန်မာနိုင်ငံအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ဒေါ်လာ ၉၇ သန်းကျော် ထောက်ပံ့

မြန်မာ အပါအဝင် မဟာမဲခေါင်ဒေသ၌ ငှက်ဖျားရောဂါကင်းဝေးရေး အရှိန်မြှင့်လုပ်ဆောင်နေပြီး မြန်မာနိုင်ငံအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ဒေါ်လာ ၉၇ သန်းကျော် ထောက်ပံ့
Published 27 May 2018

ငှက်ဖျားရောဂါနှင့် ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင် ဖတ်ရှုနေသူ တစ်ဦးအား တွေ့ရစဉ်

၂၀၃၀ ပြည့်နှစ်အတွင်း မြန်မာအပါအဝင် မဟာမဲခေါင်ဒေသတွင်း နိုင်ငံများ၌ ငှက်ဖျားရောဂါ ကင်းဝေးရေး အရှိန်မြှင့် လုပ်ဆောင်နေပြီး မြန်မာနိုင်ငံအတွက် ကမ္ဘာ့ရန်ပုံငွေ အဖွဲ့က ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေ ဒေါ်လာ ၉၇ ဒသမ ၄၄ သန်း ဆက်လက် ထောက်ပံ့ရန်ရှိကြောင်း သိရသည်။

မဟာမဲခေါင်ဒေသတွင်း လွန်ခဲ့သော ငါးနှစ်အတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုကို ၈၆ ရာခိုင်နှုန်းနှင့် ငှက်ဖျားရောဂါကြောင့် သေဆုံးနှုန်း ကို ၉၁ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည်လည်း WHO Global Technical Strategy and Strategy for Malaria Elimination in the Greater Mekong Subregion ကိုအခြေခံပြီး အမျိုးသား     ငှက်ဖျားရောဂါ ကင်းဝေးရေး စီမံချက် ရေးဆွဲပြီးလုပ်ငန်းများ စတင်လျက်ရှိကြောင်း၊ ငှက်ဖျားရောဂါ လျော့နည်းကျဆင်း လာသော်လည်း ဝေးလံခက်ခဲသည့်နေရာများ၊ နယ်စပ်ဒေသများ၊ ရွှေ့ပြောင်းနေထိုင်သူများတွင် ဖြစ်ပွားမှု ရှိနေဆဲဖြစ်ပြီး

ငှက်ဖျားဆေး ယဉ်ပါးမှုနှင့် အာတီမီ ဆီနင်းငှက်ဖျား ဆေးပေါင်းကို ဆေးယဉ်ပါးမှုများသည်လည်း မဟာမဲခေါင်ဒေသတွင်း နိုင်ငံများကို ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အိပ်ချ်အိုင်ဗွီ၊ တီဘီ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေများ ဆက်လက် ထောက်ပံ့ပေးရာတွင် တီဘီရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၀၄ သန်း၊ အိပ်ချ်အိုင်ဗွီရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန် ဒေါ်လာ ၁၂၉ ဒသမ ၉၆သန်းနှင့် ငှက်ဖျားရောဂါ ကင်းဝေးရေးအတွက် အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၄၄ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၂၁ ဒသမ ၄၄ သန်း ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၁၀၀၀ လျှင် နှစ်ဦးနှုန်း ငှက်ဖျားရောဂါဖြစ်ပွားမှု ရှိနေပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားနှုန်း၏ ၈၅ ရာခိုင်နှုန်း၊ သေဆုံးမှုနှုန်း၏ ၉၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ရောဂါနှိမ်နင်းရေးဌာနခွဲ၊ အမျိုးသား ငှက်ဖျားရောဂါ တိုက်ဖျက်ရေး စီမံချက်မှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ငှက်ဖျားရောဂါ ဖြစ်ပွားနှုန်းမှာ ၂၀၁၂ ခုနှစ် ဖြစ်နှုန်း၏ ၈၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပြီး ယခင်က မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါ ဖြစ်ပွားသူ ခြောက်သိန်းရှိကြောင်းနှင့် ၂၀၁၆ ခုနှစ် စာရင်းများအရ ငှက်ဖျားရောဂါ ဖြစ်ပွားနှုန်း လျော့ကျလာပြီး လက်ရှိ လူဦးရေ ၁၀၀၀ လျှင် နှစ်ဦးနှုန်း ဖြစ်ပွားလျက်ရှိပြီး သေဆုံးနှုန်းမှာ လူဦးရေ တစ်သိန်းလျှင် ၀ ဒသမ ၀၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားနှုန်း၏ ၈၅ ရာခိုင်နှုန်း၊ သေဆုံးမှုနှုန်း၏ ၉၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေးကို ဦးတည်လုပ်ဆောင်ရန် ရှိကြောင်းနှင့် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၀၀ ကျော်ကို ငှက်ဖျားရောဂါ ကူးစက်မှုရှိနိုင်သော နေရာများအဖြစ် သတ်မှတ်ထားကြောင်း၊ အာရှ-ပစိဖိတ် ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေး ကွန်ရက်က ပြုလုပ်သော ငှက်ဖျားရောဂါ ရက်သတ္တပတ် လှုပ်ရှားမှု အစည်းအဝေးမှ သိရသည်။

အာရှနှင့် ပစိဖိတ်ဒေသအတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုသည် ၂၀၁၅ ခုနှစ်တွင် ၈၆ ရာခိုင်နှုန်းမှ ၂၀၁၆ ခုနှစ်တွင် ၄၇ ရာခိုင်နှုန်းအထိ ကျဆင်းသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၆ ခုနှစ်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုပေါင်း ၁၁၀၁၄၆ ခုနှင့် ငှက်ဖျားရောဂါကြောင့် သေဆုံးမှုပေါင်း၂၁ ခုသာ ရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် ကိန်းဂဏန်း အချက်အလက်များနှင့် နှိုင်းယှဉ်ပါ က ငှက်ဖျားရောဂါ ဖြစ်ပွားမှုပေါင်း ၇၇ ရာခိုင်နှုန်းနှင့် ငှက်ဖျားရောဂါကြောင့် သေဆုံးမှုပေါင်း ၉၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

 

Most Read

Most Recent