အစိုးရသစ်လက်ထက် ဒုတိယသက်တမ်းတစ်နှစ်အတွင်း ရှမ်းပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ငါးရာခိုင်နှုန်း တိုးတက်လာဟုဆို

အစိုးရသစ်လက်ထက် ဒုတိယသက်တမ်းတစ်နှစ်အတွင်း ရှမ်းပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ငါးရာခိုင်နှုန်း တိုးတက်လာဟုဆို
Published 27 May 2018

အစိုးရသစ်လက်ထက် ဒုတိယသက်တမ်း တစ်နှစ်တာကာလ ရှမ်းပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ငါးရာခိုင်နှုန်း တိုးတက်လာသည်ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက ပြောကြားသည်။

ရှမ်းပြည်နယ်အစိုးရ ဒုတိယသက်တမ်းတစ်နှစ်တာကာလ ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲကို တောင်ကြီးမြို့ မြို့တော်ခန်းမတွင် မေ ၂၅ ရက်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်တွင်း အခြေစိုက် မီဒီယာအဖွဲ့ပေါင်း ၂၀ ကျော် တက်ရောက်မေးမြန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ လေးပုံတစ်ပုံ ကျယ်ဝန်းပြီး လမ်းမိုင်အရှည်သည်လည်း တစ်နိုင်ငံလုံး၏ လေးပုံတစ်ပုံ လမ်းမိုင်ရှည်လျားကြောင်း၊ ကျေးလက်လမ်းများဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်ဖို့ လိုအပ်နေသေးကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တစ်နှစ်တာ ဆောင်ရွက်ချက်များအနေဖြင့် ရှမ်းပြည်နယ် လမ်းဦးစီးဌာနက လုပ်ငန်းပေါင်း ၁၁ မျိုး အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းတို့တွင် စုစုပေါင်းရန်ပုံငွေ ကျပ်သန်းပေါင်း ၁၂၁,၄၀၂,၈၅၀ ရှိပြီး ရှမ်းပြည်နယ် လမ်းဦးစီးဌာနက တာဝန်ယူစီမံခန့်ခွဲရသော လမ်းမိုင်အရှည် ၆၆၇၇ မိုင်တွင်  ကတ္တရာ (သို့မဟုတ်) ကွန်ကရစ်လမ်းအဖြစ် တည်ဆောက်နိုင်မှုမှာ  ယခင် ၆၁ ရာခိုင်နှုန်းရှိ ရာမှ ယခု ၆၆ ရာခိုင်နှုန်းသို့ ငါးရာခိုင်နှုန်း တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ရှင်းလင်းချက်အရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တစ်နှစ်တာကာလတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (DRRD) အနေဖြင့် လုပ်ငန်းသုံးမျိုး ဆောင်ရွက်ခဲ့ပြီး (၁) မြေလမ်း၊ ကျောက်လမ်း၊ ကတ္တရာလမ်းခင်းခြင်း လမ်းမိုင် ၂၅၁ မိုင် အတွက် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ ကျပ်သန်းပေါင်း ၁၂၄၇၈ ဒသမ ၇၉၄၅၊ (၂) ကွန်ကရစ်တံတား၊ သစ်သားတံတား၊ Box Culvert လုပ်ငန်းများ ၁၂၆ စင်းအတွက် နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေ ကျပ်သန်းပေါင်း ၂၁၆၄ ဒသမ ၁၀၃၊ (၃) ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်း လမ်းမိုင် ၂၇/၄ ဒသမ ၉ မိုင်အတွက် ဂျာမန်ဖွံ့ဖြိုးရေးဘဏ် Kfw အစီအစဉ်ဖြင့် ယူရို  ၉ ဒသမ ၂၄သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အိမ်ရာနှစ်မျိုးဆောင်ရွက်လျက်ရှိပြီး (၁) ပြည်သူ့အငှားအိမ်ရာအဖြစ် မြို့နှစ်မြို့တွင် အဆောက်အအုံ ခုနစ်ခု၊ အိမ်ခန်းပေါင်း ၁၅၆ ခန်း၊ (၂) ဝန်ထမ်းအိမ်ရာအဖြစ် မြို့ပေါင်း ၁၄ ခုတွင် အဆောက်အအုံ ၁၄၀၊ အိမ်ခန်းပေါင်း ၁၂၄၄ ခန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောက်လုပ်ရေးဦးစီးဌာနလက်အောက်တွင် ဌာနငါးခုပါရှိပြီး မိတ်ဖက်၊ အရပ်ဘက်၊ လူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် PPP (Public Private Partnership) အစီအစဉ်၊ နိုင်ငံသားလုပ်ငန်းရှင်များ၏ ဆောက်လုပ်ရေးကုမ္ပဏီများ BOT စနစ်ဖြင့် လမ်းတံတားအဆင့်မြှင့်တင်ခြင်းအဖြစ်  ရှမ်းပြည်နယ်တွင် ကုမ္ပဏီငါးခုဖြင့် လုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ပြီး၊ (က) Oriental Highway Co.Ltd ၊ (ခ) တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီ၊ (ဂ) နေမင်းရောင်ကုမ္ပဏီ၊ (ဃ) စိုးလွင်အောင်ကုမ္ပဏီနှင့် (င) မြန်မာဧရာမွန်ကုမ္ပဏီတို့ရှိကြောင်း သိရသည်။

“ကတ္တရာ ကွန်ကရစ်ခင်းခြင်းမှအစ တောင်ကြီးဗိုလ်ချုပ်လမ်း အပါအဝင် တောင်ကြီးအတက်လမ်း၊ အေးသာယာအောင်သပြေ၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လားရှိုး-ဂုတ်တွင်းလမ်း၊ ရှမ်းအရှေ့မှာ မိုင်းပျဉ်း-ကျိုင်းတုံ လမ်း၊ ဆောင်ရွက်ခဲ့တဲ့ လမ်းတွေဖြစ်ပါတယ်။ လမ်းဦးစီးမှ လမ်းမိုင်အရှည်ပေါင်း ၇၇၆၆ မိုင် ဖြစ်ပါတယ်။ ယခင်က ၆၁ ရာခိုင်နှုန်းမှ ၆၆ ရာခိုင်နှုန်းအထိ ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာ ငါးရာခိုင်နှုန်းတိုးတက်ဆောင်ရွက်ခဲ့တဲ့အတွက် ကတ္တရာ သို့မဟုတ် ကွန်ကရစ်လမ်း အဖြစ် တိုးတက်သွားတာကို မြင်တွေ့ရမှာဖြစ် ပါတယ်” ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက ပြောကြားသည်။

Most Read

Most Recent