၂၀၁၈ ခုနှစ် ပထမခြောက်လဘဏ္ဍာနှစ်အတွင်း ပြည်သူ့ဆေးရုံများတွင် လိုအပ်သော အဓိကဆေးဝါး၊ ဆေးပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ဝယ်ယူမည်

၂၀၁၈ ခုနှစ် ပထမခြောက်လဘဏ္ဍာနှစ်အတွင်း ပြည်သူ့ဆေးရုံများတွင် လိုအပ်သော အဓိကဆေးဝါး၊ ဆေးပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ဝယ်ယူမည်
Published 27 May 2018

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသဌာနကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ပြည်သူ့ဆေးရုံများတွင် လိုအပ်နေသော အဓိကဆေးဝါးနှင့် ဆေးပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရွေးချယ်သတ်မှတ်နေပြီး ၂၀၁၈ ခုနှစ် ပထမ ခြောက်လဘဏ္ဍာနှစ်အတွင်း ဝယ်ယူမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ဆေးရုံများတွင် ဆေးဝါးရရှိသုံးစွဲမှုနှင့် ဆေးသိုလှောင်ခန်းသုံး ကွန်ပျူတာစာရင်းစနစ် စတင်အသုံးပြုမည်ဖြစ်ပြီး ကနဦးအနေဖြင့် ခုတင် ၅၀ နှင့်အောက်  ဆေးရုံများတွင် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ဆေးရုံများတွင် ဆေးဝါးရရှိသုံးစွဲမှု နှင့် ဆေးသိုလှောင်ခန်းသုံး ကွန်ပျူတာစာရင်းစနစ် စတင်အသုံးပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၅ ရက်က နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့် ဆေးဝယ်ယူမှု၊ သိုလှောင်မှု၊ ဖြည့်ဆည်းမှုနှင့် သုံးစွဲမှုအစရှိသည့် ဆေးဝါးဝယ်ယူဖြန့်ဖြူးသုံးစွဲမှုစနစ်ကို ယခုထက်ပိုမိုစနစ်ကျပြီး အလေအလွင့်နည်းပါးစေရန်နှင့် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် အရည်အသွေး ပြည့်ဝသော ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိစေဘဲ အချိန်မီရရှိအသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဗဟိုအဆင့်ပြည်သူ့ဆေးရုံကြီးများမှစ၍ မြို့နယ်အဆင့် ပြည်သူ့ဆေးရုံများ အားလုံးအထိ ကွန်ပျူတာများ ဖြန့်ဝေထားရှိပြီး အဆိုပါဆေးရုံများတွင် စတင်အသုံးပြု ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဝန်ကြီးဌာနအောက်ရှိ  ဆေးရုံကြီးများ၊ ဆေးရုံများ၊ ဒေသန္တရ/မိခင်ကလေး/ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများတွင် မရှိမဖြစ် သုံးစွဲရမည့်ဆေးဝါးများကို ဆေးရုံ/ကျန်းမာရေးဌာန အဆင့်အလိုက်အဖြစ် အများဆုံးရောဂါများအပေါ် မူတည်၍  ကျွမ်းကျင်သူများ၊ ပါမောက္ခဆရာဝန်ကြီးများနှင့် တိုင်ပင်၍ တင်ဒါစနစ်ဖြင့် ဝယ်ယူဖြန့်ဖြူးကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၈၈၁,၇၆၉ ဒသမ ၁၁၄၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာ နှစ်တွင် ကျပ်သန်းပေါင်း ၁,၁၁၆,၅၅၇ ဒသမ ၀၉၂ ခွင့်ပြုပေးခဲ့ပြီး အဆိုပါရန်ပုံငွေများမှ ဆေးဝါးများ ဝယ်ယူရန်အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၁၄၉,၂၉၅ ဒသမ ၆၉၀ ကိုလည်းကောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ပေါင်း ၁၆၈,၈၂၂ ဒသမ ၉၃၀ ကိုလည်းကောင်း သုံးစွဲခဲ့ကြောင်း သိရသည်။

အစိုးရ နှစ်နှစ်တာအတွင်း ပြင်ပလူနာသစ်ပေါင်း ၂၆ သန်းခန့်၊ ကွင်းဆင်းရာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့် အကြိမ်ပေါင်း ၂၁ ဒသမ ၃ သန်းနှင့် အတွင်း လူနာပေါင်း ၅ ဒသမ ၆ သန်းခန့်ကို ဆေးကုသပေးခဲ့ကြောင်း၊ ငှက်ဖျား၊ တီဘီ၊ အိပ်ချ်အိုင်ဗွီ၊ ဆင်ခြေထောက်ရောဂါ၊ အနာကြီးရောဂါစသော ရောဂါ ကင်းဝေးရေးစီမံချက်များအတွက် လိုအပ်သောဆေးဝါးများနှင့် ကာကွယ်ဆေးများကို ကမ္ဘာ့ရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းတို့က ထောက်ပံ့ကူညီလျက်ရှိကြောင်း သိရသည်။

 

 

Most Read

Most Recent