<

ဖားကန့်ဒေသ၌ မိုးကြိုကာလတွင် မိုင်းဒဏ်၊ သဘာဝဒဏ်များကြောင့် အက်ကြောင်းများ မိုးရေ၀င်ပြီး လျှောပြိုခြင်း၊ အမြင့်ပိုင်းမှ ရေကန်များ လျှောဆင်းကာ ပြိုကျခြင်း၊ မြေစာပုံများ မြေလျှောခြင်း မကြာခဏ ဖြစ်ပွားနေသဖြင့် သတိပြုရန်လိုအပ်

မေ ၄ ရက် နံနက် ၄ နာရီခွဲခန့်က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာအနီးရှိ လုပ်ကွက်တစ်ခုအတွင်း ကမ်းပါးယံပြိုကျမှု ဖြစ်ပွားရာ သေဆုံး၊ ဒဏ်ရာရသူများအား ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်

ဖားကန့်ဒေသ၌ မြေပြိုမှုများ မိုးကြိုကာလတွင် ပိုမိုဖြစ်ပွားနိုင်သဖြင့် သတိပြုရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံ ရေမဆေးလောပန်းများ၊ ရေမဆေးရှာဖွေသူများက ပြောကြားသည်။

ဖားကန့်ဒေသတွင် မြေပြိုမှုကို လစဉ်လို နေရာအနှံ့ဖြစ်နေပြီး အထူးသဖြင့် မိုးဦးရာသီတွင် မိုင်းဒဏ်၊ သဘာဝဒဏ်များကြောင့် အက်ကြောင်းများ မိုးရေ၀င်ကာ လျှောပြိုခြင်း၊ အမြင့်ပိုင်းမှ ရေကန်များ လျှောဆင်းကာ ပြိုကျခြင်း၊ မြေစာပုံများ မြေလျှောခြင်းများ မကြာခဏ ဖြစ်ပွားကြောင်း သိရသည်။

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက “ဒီအချိန်က မိုးကြိုကာလဖြစ်တော့ ဖားကန့်ဒေသမှာ မြေပြိုတာက ခပ်စိပ်စိပ် ဖြစ်နေတယ်။ မြေပြိုတာက ပုံစံမျိုးစုံ ရှိပါတယ်။ မိုးဦးမှာ အဓိက အမာကြောတွေ ပြိုတာက ကုမ္ပဏီတွေက တောင်ဖြိုမိုင်းတွေကြောင့် မြေအောက် ပေပေါင်းများစွာမှာ မိုင်းအားပြင်းပြင်းခွဲတော့ ကျောက်ကြောတွေကို အက်ကြောင်းထင်စေတယ်။ မိုးလေးကျတော့ မြေအက်နေရာထဲ ရေ၀င်ပြီး လျှောပြိုဖြစ်တာပေါ့။ အဓိကတော့ ရေမဆေးတွေက သိန်းချီပြီး ရှိနေတယ်။ လောဘဇောတွေကြောင့် ဆိုတော့လည်း အန္တရာယ်ကို သတိလစ်လွတ် ဖြစ်တတ်ကြတယ်။ ဝှေခါမှာ လွန်ခဲ့တဲ့ ရက်ပိုင်းက လူ ၂၀ လောက် မြေပြိုပြီး သေသွားတဲ့နေရာမှာ၊ အောက်မှာတောင် လူတွေမဖော်နိုင်သေးဘူး။ ထပ်ပြိုပြီး ပြန်သေတယ် ဆိုတာမျိုးတွေပါ ကြားရနေရတယ်။ မြေပြိုမှုနဲ့အတူ ကျောက်စိမ်းတွေလည်း ပါလာတာကိုး၊ တချို့ခေါင်းကျင်း (ကြွက်တွင်းကျင်း) တူးတယ်။ အပေါ်က ကြံဖတ်ကွာသလိုကွာပြီး မြေပိတယ်။ စွန့်ပစ်မြေစာပုံဆိုရင် လျှောပြိုပြိုတယ်။ အခြားအချိန်တွေမှာလည်း တစ်နှစ်လုံး ဖြစ်နေတယ်။ မိုးဦးကတော့ များတတ်တယ်။ နှစ်စဉ်လည်း လူပေါင်းရာဂဏန်းဝန်းကျင် ဖြစ်နေတာ။ ရဲတောင် သေမှုသေခင်း မယူတဲ့ အဆင့်ဖြစ်လာတွေ တွေ့နေရတယ်။ ကုမ္ပဏီတွေ၊ အုပ်ချုပ်ရေး ဘက်တွေကိုလည်း အပြစ်ပုံလို့ မရဘူး။ သတိပေးရင်း ကြားထဲမှာကို စွန့်စားမိုက်ပြီး အသက်ဆုံးနေကြတယ်။ အသက်ကို ဥာဏ်စောင့် ဆိုတာကိုတော့ လက်မလွတ်စေချင်ဘူး။ တစ်ဦးချင်းကလည်း ဆင်ခြင်ဖို့၊ ရေမဆေး လောပန်းတွေကလည်း ကိုယ့်အလုပ်သမားတွေကို ညီအစ်ကို၊ သားသမီးတွေလို သဘောထားပြီး အန္တရာယ်တွေကို သတိပေးတာတွေ အမြဲတမ်း လုပ်စေချင်ပါတယ်” ဟု ပြောကြားသည်။

ဖားကန့်ဒေသ၌ လက်ရှိတွင် ခန့်မှန်း ရေမဆေးကျောက်ရှာဖွေသူ နှစ်သိန်းအထက် ရှိနေပြီး ၎င်းတို့နှင့် ဆက်နွှယ်သည့် ပြဿနာများလည်း ဖြေရှင်းရန် ခက်ခဲသည့် အခြေအနေ ဖြစ်ကြောင်း ဦးတင်စိုးက ဆိုသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦး H.လအောင်က ရေမဆေးပြဿနာများကို နည်းလမ်းသုံးသွယ်ဖြင့် ဖြေရှင်းရန် ပြည်ထောင်စုအစိုးရနှင့် ဆွေးနွေးနေကြောင်း ပြောကြားသည်။

၎င်းက “ဖားကန့်မှာ ပြဿနာက ရေမဆေးရှာသူတွေ၊ စွန့်ပစ်မြေစာပုံကိစ္စ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်တဲ့ကိစ္စ၊ အလုပ်သမား ကိစ္စတွေ ဖြစ်နေတယ်။ ရေမဆေးတွေကလည်း အတိုင်းအတာမရှိ လူတွေက များနေတယ်။ အဲဒီအထဲမှာ အခုက စည်းကမ်းမဲ့ လူတန်းစားတွေ ပေါ်နေတယ်။ ရေမဆေး ရပ်ကွက်တွေ ပေါ်လာတယ်။ ရတနာနယ်မြေမှာ ကျူးလာတယ်။ အဲဒါတွေကို လျော်ကြေးပေးရတယ် ဆိုတော့လည်း နည်းတဲ့ပြဿနာ မဟုတ်ဘူး။ တချို့လည်း အန္တရာယ်ဇုန်ထဲမှာ ဖြစ်နေတယ်။ ပြည်ထောင်စုအစိုးရနဲ့တော့ ရေမဆေးတွေကို ဖြေရှင်းဖို့ နည်းသုံးနည်းပေါ့။ (၁) က ကုမ္ပဏီမှာ ၀န်ထမ်းခန့်မယ်။ (၂) က ဥပဒေအရ အသေးစား လက်လုပ်လက်စား လုပ်ငန်းမှာ ပါဝင်နိုင်ဖို့ပါ။ (၃) က လူမှုထူထောင်ရေး လုပ်ငန်းတွေမှာ၊ ဒေသထူထောင်ရေး လုပ်ငန်းတွေမှာ အလုပ်တာဝန်ပေးဖို့ပေါ့။ ဒါပေမဲ့ အကောင်အထည် ဖော်ရေးအတွက် ခက်နေတယ်။ မြေစာပုံတွေဆိုရင် ၄၅ ဒီဂရီထက် မတ်စောက်မှုမရှိဖို့ စစ်တယ်။ ကျော်ရင် ကုမ္ပဏီကို နာမည်ပျက်စာရင်းသွင်းဖို့ပေါ့။ သားစဉ်မြေးဆက် အကျိုးရှိအောင် လုပ်ဖို့ဆိုရင် တူးဖော်မှု အင်အားတွေက လျှော့ချရမှာပါ။ လုပ်ခလစာ ပြဿနာတွေကိုတော့ ဖြေရှင်းနိုင်ပါတယ်” ဟု ဆိုသည်။

ဖားကန့်ဒေသတွင် မှော်စီဇာ၊ မက်လင်ချောင်၊ မျောက်ဖြူ၊ ကုလားကုန်း၊ ဆိုင်းတောင်၊ တာမခံ စသည့် ၀န်းကျင်မှော်များမှာ မကြာခဏ မြေပြိုမှု ဖြစ်ပွားတတ်ပြီး သေဆုံးဒဏ်ရာ ရရှိမှုများ ဖြစ်ပေါ်တတ်ကြောင်း သိရသည်။ ဖားကန့်ဒေသတွင် နှစ်ပေါင်း ၂၀ ကျော်ကြာ နေထိုင်ခဲ့ပြီး ရေမဆေး လောပန်းလုပ်နေသူ ဦးအောင်မော်က “ဖားကန့်မှာက မြေပြိုတဲ့ အန္တရာယ်က ရာသီမရွေး ဖြစ်တတ်တယ်။ အထူးသဖြင့် မိုးဦးရာသီက မြေကြီးပွတယ်။ အက်ကြောင်းတွေထဲ ရေ၀င်တော့ ပြိုတာပေါ့။ ကမ်းပါးကြီးတွေက စောက်စောက်ကြီးတွေ ဖြစ်နေတယ်။ ကျွန်တော်ကိုယ်တိုင်ကတော့ ၂၀၁၅ ခုနှစ် ဆန်ခါမြေစာပုံပြိုတာ လူအများဆုံး ပါသွားတာပဲ။ ဖော်တော့ ကျွန်တော်တို့ ပါတယ်လေ။ လူပေါင်း ၁၀၀ ကျော်ပဲ ပြန်ဖော်နိုင်တယ်။ ၁၉၉၀ ခုနှစ်ကျော်က ဥရုချောင်းဘေး လိုဏ်ဖောက်ပြီး တူးတာရေပေါက်ကျပြီး အများကြီး သေဆုံးခဲ့ဖူးတယ်။ အရင်ကတော့ အန္တရာယ်နည်းတယ်။ အခုက အန္တရာယ်က စက်အင်အားကြီးတော့ များတယ်။ ကုမ္ပဏီတွေက ပိတ်သိမ်းခါနီးတွေဆိုတော့ မြေစာတွေ ကိုယ်ခြံထဲမှာပဲ ပုံပြီး တစ်ဖက်မြေမှန်၊ တစ်ဖက်က မြေပွ။ ရေမဆေးကျောက်ရှာသူက အမှန်မသိတော့ ပြိုရင်ပိရော။ နောက်ပြီး တူးပြီးတဲ့နေရာက ရေကန်ကြီးတွေ။ အဲဒါတွေပြိုရင် လူက မြေဖိမခံရဘူး။ ရေလှိုင်းကြီးတွေ ကြီးလွန်းတော့ ရေလှိုင်းဖိသတ်သလို ဖြစ်သွားတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက ဝှေခါမြေပြိုတာ ရေလှိုင်းရိုက်လိုက်လို့ သေကြတာ။ ဖားကန့်၊ ကုဋေမှော်ဘက်တွေ အဖြစ်များတယ်။ ကုမ္ပဏီတွေဘက်ကလည်း အန္တရာယ်တွေ ဖြစ်မယ့်နေရာတွေကို စက်ယန္တရားတွေနဲ့ ပြုပြင်ဖို့လိုတယ်။ ရေမဆေးသမားတွေလည်း သတိထားကြဖို့လိုတယ်။ မြေပြိုတာက အမြဲတမ်း အသက်ဆုံးရှုံးတာတွေ ကြုံနေရတယ်” ဟု ပြောကြားသည်။

ဖားကန့်ဒေသတွင် ရွှေ့ပြောင်းလုပ်သား နှစ်သိန်းကျော်ရှိပြီး မကြာခဏ မြေပြိုမှုများကြောင့် တစ်နှစ်လျှင် လူ ၃၀၀ ကျော် သေဆုံးမှုများ ဖြစ်ပေါ်နေသည်ဟု နာရေးကူညီသူများနှင့် ရဲစခန်း မှတ်တမ်းများအရ သိရသည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများက ဥရုမြစ်နှင့် ယင်းမြစ်လက်တက်များပေါ်တွင် စည်းကမ်းမဲ့ မြေစာစွန့်ပစ်နေခြင်းကြောင့် ဥရုမြစ်ကြမ်းပြင် ပေ ၂၀ ကျော် မြင့်တက်လာကာ ဖားကန့်မြို့နှင့် ယင်းဒေသ ကျေးရွာများတွင် နှစ်စဉ်ရေလွှမ်းခံရသည်မှာ ၁၀ နှစ်နီးပါး ရှိလာပြီ ဖြစ်သည်။

 

May 26, 2018














Copy Protected by Chetan's WP-Copyprotect.