စစ်ရှောင်များအား ပြန်လည်နေရာချထားရေး ကချင်ပြည်နယ် နေရာသုံးခုတွင် လုပ်ဆောင်နေ

စစ်ရှောင်များအား ပြန်လည်နေရာချထားရေး ကချင်ပြည်နယ် နေရာသုံးခုတွင် လုပ်ဆောင်နေ
Published 27 May 2018

စစ်ရှောင်များအား ပြန်လည်နေရာချထားရေး နေရာသုံးခုတွင် လုပ်ဆောင်နေကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီးဒေါက်တာသင်းလွင်က ဆိုသည်။

ပြန်လည်နေရာချထားရေးလုပ်ငန်းများကို မြစ်ကြီးနားမြို့ ငွေပျော်စံပြကျေးရွာတွင်လည်းကောင်း၊ ဗန်းမော်ခရိုင် မန်စီမြို့နယ် ရေခူးမန်ခံ ကျေးရွာအနီးတွင်လည်းကောင်း၊ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအနီးတွင်လည်းကောင်း နေရာချထားဆောင်ရွက်နေကြောင်း သိရသည်။

လူမှုရေးဝန်ကြီးက “အစိုးရဘက်က လတ်တလော နေရာချထားရေး (Relief) နှင့် ပြန်လည်နေရာချထားရေး (Resettlement) ၊ နေရပ်ပြန်ရေး (Return) ၊ ပြန်လည်ထူထောင်ရေး (Recovery) လုပ်နေရပါတယ်။ ပြန်လည်နေရာချထားရေးအတွက် တန်ဖိုးနည်းအိမ်ရာတွေက ငွေပျော်စံပြကျေးရွာမှာ အိမ်အလုံး ၅၀၀၊ ဝိုင်းမော် မိုင်းနားကျေးရွာမှာ အိမ်အလုံး ၁၀၀၊ မန်စီမြို့နယ်ထဲက ရေခူးမန်ခံကျေးရွာနားမှာ အိမ် ၈၆ လုံးဖြစ် ပါတယ်။ မိုင်းနားကတော့ ရှေ့အပတ်မှာ ရွှေ့ဖို့ရှိနေတယ်။ အခုတော့ စစ်ရှောင်စခန်းက ရွှေ့ချင်သူတွေကို မဲနှိုက်ခွဲဝေပေးဖို့ လုပ်နေပါတယ်။ ငွေပျော်စံပြကျေးရွာကတော့ အိမ်အလုံး ၁၀၀လောက် လိုနေသေးတယ်။ကျန်တာတွေကို ပြည့်နေပါပြီ”  ဟု ပြောကြားသည်။

မေ၂၃ ရက်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ လတ်တလော စစ်ရှောင်သူများ ကူညီရေး၊ နေရပ်ပြန်လိုသူများ ကူညီရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ဦးစီးကော်မတီတစ်ခုနှင့် လုပ်ငန်းကော်မတီကိုးခု ဖွဲ့စည်းခဲ့ကြောင်း ၎င်းက ဆိုသည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှစ၍ ပစ်ခတ်မှုများဖြစ်ပွားပြီးနောက်ပိုင်း ကျေးရွာပေါင်း ၃၀၀ ဝန်းကျင်မှ လူပေါင်း လေးသောင်းကျော် အစိုးရထိန်းချုပ်နယ်မြေ အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး လူပေါင်း ခြောက်သောင်းကျော်မှာ KIA နယ်မြေအတွင်းသို့ ခိုလှုံခဲ့ရကြောင်း မှတ်တမ်းများအရ သိရသည်။ မေ ၂၀ ရက် အစိုးရစာရင်းအရ ဧပြီလအတွင်း တိုက်ပွဲများကြောင့် လတ်တလော စစ်ရှောင်များသည် အစိုးရထိန်းချုပ်နယ်မြေရှိ မြို့နယ်ကိုးမြို့နယ်သို့ ဝင်ရောက်လာခဲ့ပြီး လူဦးရေ ကျား ၂၆၆၈ ဦး၊ မ ၃၁၀၄ (ပေါင်း ၅၇၇၂ဦး) ရှိကြောင်း သိရသည်။

Most Read

Most Recent