<

မီးလောင်မှုဖြစ်ပွားခဲ့သည့် ထိန်ပင်အမှိုက်ပုံကို နေ့စဉ်စောင့်ကြည့်၍ မီသိန်းဓာတ်ငွေ့လျှော့ချရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေ

မီးလောင်မှု ဖြစ်ပွားခဲ့သည့် ထိန်ပင်အမှိုက်ပုံကို တွေ့ရစဉ်

မီးလောင်မှုဖြစ်ပွားခဲ့သည့် ထိန်ပင်အမှိုက်ပုံကို နေ့စဉ်စောင့်ကြည့်၍  မီသိန်းဓာတ်ငွေ့လျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန်းရှင်းရေးဌာန ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောကြားသည်။

အမှိုက်ပုံသည် ပြင်လိုက်ကြီး ဖြစ်နေပြီး မီသိန်းဓာတ်ငွေ့ထွက်ရန် မလွယ်ကူသည့်အတွက် ဓာတ်ငွေ့ထွက်ရန် လွယ်ကူစေရန် အမှိုက်ပုံအား လေးထောင့်ပုံစံ ဖြတ်လမ်းများဖောက်ပြီး မီသိန်းဓာတ်ငွေ့ လျှော့ချမှုများ ပြုလုပ်နေကြောင်း၊ သွားလာမှု လွယ်ကူစေရန်နှင့် မီသိန်းဓာတ်ငွေ့များ လျော့ကျပြီး မီးလောင်မှု ထပ်မံမဖြစ်စေရန်ဖြစ်ကြောင်း သိရသည်။

“အမှိုက်က လောင်ပြီးသား အမှိုက်ရယ် မလောင်ရသေးတဲ့ အမှိုက်ရယ် ရှိတယ်။ လောင်ပြီးသား အမှိုက်တွေကို ကျွန်တော်တို့က ကြားထဲမှာ ရင်ခွဲလိုက်တယ်။ အရင်က အမှိုက်က ပြင်လိုက်ကြီး ဖြစ်နေတာပေါ့။ အခုတော့ သူ့နေရာနဲ့သူ အပုံလိုက် အပုံလိုက်တွေ  ခွဲပြီးသားတွေ ဖြစ်နေတာပေါ့။ တစ်ပြင်လုံးဖြစ်နေရင် မီသိန်းဓာတ်ငွေ့ ထွက်ရတာ ခက်တာပေါ့။ ပိုင်းလိုက်တဲ့ အတွက်ကြောင့် အပုံအပုံတွေ ဖြစ်နေတဲ့အတွက် ဘေးနားကနေ မီသိန်းဓာတ်ငွေ့ ထွက်မှာပေါ့။ လမ်းသွားရတာရော ကားတွေဘာတွေ အ၀င်အထွက်အားလုံး အဆင်ပြေအောင် လုပ်တာပေါ့။ လုပ်တာက တောက်လျှောက် လုပ်မှာပါ။ အမှိုက်ပုံကို  တတ်နိုင်သမျှ အပုံကို သေးသေးလေးတွေဖြစ်အောင် အပိုင်းလိုက် အပိုင်းလိုက် လုပ်မှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောကြားသည်။

အဆိုပါ ထိန်ပင်အမှိုက်ပုံကို  စည်ပင်သာယာရေး မီးငြှိမ်းသတ်ယာဉ် လေးစီးဖြင့် နေ့စဉ်စောင့်ကြည်လျက်ရှိကြောင်း၊ မီသိန်းဓာတ်ငွေ့လျှော့ချရေး လုပ်ငန်းများကိုလည်း စည်ပင်ဝန်ထမ်းများမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်သည့် ထိန်ပင်စွန့်ပစ်အမှိုက်ပုံကို  ၂၀၀၁ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး အမှိုက်ပုံ ဧရိယာမှာ ၁၅၀ ဧကရှိကြောင်း၊ မီးလောင်မှုမှာ ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းမှ စပြီးလောင်ကြောင်း၊ အနီးရှိ ပတ်ဝန်းကျင်များသို့ မီးခိုးများ၊ ညှော်နံ့များ ပျံ့နှံ့ခဲ့သည့်အတွက် Bio-Foam ကို အရေးပေါ် မှာယူခဲ့ကာ ဧပြီ ၂၇ ရက်မှ စတင်ငြှိမ်းသတ်ခဲ့ရာ မေ ၃ ရက်တွင် မီးလောင်မှုအား ရာနှုန်းပြည့် ထိန်းချုပ်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကြောင့် အနီးပတ်ဝန်းကျင် ရပ်ကွက်များအတွင်း မီးခိုးများ၊ ညှော်နံ့များ ပျံ့နှံ့ကာ အသက်ရှူကျပ်မှုများ ရှိခဲ့ပြီး မီးသတ်တပ်ဖွဲ့များနှင့် အမှိုက်ပုံ ပတ်ဝန်းကျင်နေ ပည်သူအချို့ ဆေးရုံတက်ရောက် ကုသခဲ့ရသည့်အပြင် ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုများ ရှိခဲ့ကြောင်း သိရသည်။

 

May 26, 2018














Copy Protected by Chetan's WP-Copyprotect.