၂၀၁၈ ခုနှစ် ဧပြီတွင် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၄ ဒသမ ၁၂ ရာခိုင်နှုန်းရှိပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း ပြန်လည်မြင့်တက်

၂၀၁၈ ခုနှစ် ဧပြီတွင် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၄ ဒသမ ၁၂ ရာခိုင်နှုန်းရှိပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း ပြန်လည်မြင့်တက်
Published 27 May 2018

ရန်ကုန်မြို့အတွင်းရှိ ဈေးလမ်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

၂၀၁၈ ခုနှစ် ဧပြီတွင် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၄ ဒသမ ၁၂ ရာခိုင်နှုန်းရှိပြီး ၂၀၁၈ ခုနှစ် မတ်လနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း ပြန်လည်မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူ ဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီအထိ တစ်နှစ်အတွင်း ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၄ ဒသမ ၁၂ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ်တွင် ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၀၃ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ် ပြန်လည်မြင့်တက်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အ ခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအပေါ် အခြေခံ တွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၈ ခုနှစ် ဧပြီအထိ တစ်နှစ်ပျမ်းမျှ ၄ ဒသမ ၁၂ ရာခိုင်နှုန်းရှိပြီး ၂၀၁၈ ခုနှစ် ဧပြီနှင့် ၂၀၁၇ ခုနှစ် ဧပြီတို့၏ နှစ်အလိုက် ပြောင်းလဲမှုကို နှိုင်းယှဉ်ပါက (Year on Year Inflation) မှာ ၅ ဒသမ ၈၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဧပြီလအတွင်း ရခိုင်ပြည်နယ်တွင် ၈ ဒသမ ၃၆ ရာခိုင်နှုန်းဖြင့် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ ပြီး မန္တလေးမြို့တွင် ၇ ဒသမ ၈၆ ရာခိုင်နှုန်းဖြင့် ဒုတိယ အမြင့်ဆုံးဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီးတွင် ၄ ဒသမ ၉၈ ရာခိုင်နှုန်းဖြင့် တတိယ အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဧပြီအထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ မန္တလေးမြို့တွင် ၁၂ ဒသမ ၄၆ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုအများ ဆုံးဖြစ်ပေါ်ခဲ့ပြီး ချင်းပြည်နယ်တွင် ၁ ဒသမ ၂၁ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှု ရာခိုင်နှုန်း အနည်းဆုံး ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့က ထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စု ဝင်ငွေနှင့် စားသုံးမှု စစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာ အိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

ယခင်က ၂၀၀၆ ခုနှစ်ကိုအခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ် စစ်တမ်းအပေါ် အခြေခံ၍ အခြေခံနှစ် (Base Year) အား ပြောင်းလဲတွက်ချက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျရန် ဘဏ္ဍာရေး၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေး မူဝါဒများအပေါ် အခြေခံပြီး မဖြစ်မနေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်) တွင် ဖော်ပြထားချက်အရ သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် ပထမကာလတို ငါးနှစ်စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ) ကာလတွင် တိုးတက်ခဲ့ခြင်းကြောင့် ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်) တွင် လက်ရှိဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရေးအတွက် ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေး မူဝါဒများအပေါ် အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရေး ကိစ္စရပ်များအား မဖြစ်မနေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၀၆ ခုနှစ် အခြေခံနှစ် အရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၇၂ ရာခိုင်နှုန်း၊ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၉၀ ရာခိုင်နှုန်း အသီးသီး ဖြစ်ပေါ်ခဲ့ကြောင်း ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် ဖော်ပြထားချက်အရ သိရသည်။

 

Most Read

Most Recent