နှစ်ဖက်ရှေ့နေများက တိုင်းတရားလွှတ်တော်သို့ပြင်ဆင်မှုတက်ထားသည့် ဦးကိုနီလုပ်ကြံခံရမှုကြားနာ ကြည်လင်းကို စွဲချက်တင်ထားသည့်ပုဒ်မများ ပြောင်းပေးရန်နှင့် အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို တရားရှင်လွှတ်ပေးရန် စွပ်စွဲခံရသူများဘက်က လျှောက်ထား

နှစ်ဖက်ရှေ့နေများက တိုင်းတရားလွှတ်တော်သို့ပြင်ဆင်မှုတက်ထားသည့် ဦးကိုနီလုပ်ကြံခံရမှုကြားနာ ကြည်လင်းကို စွဲချက်တင်ထားသည့်ပုဒ်မများ ပြောင်းပေးရန်နှင့် အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို တရားရှင်လွှတ်ပေးရန် စွပ်စွဲခံရသူများဘက်က လျှောက်ထား
Published 26 May 2018

စွပ်စွဲခံရသူများဘက်မှ ရှေ့နေက မီဒီယာများအား ဖြေကြားနေစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ (ဗဟို) ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ နှစ်ဖက်ရှေ့နေများက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ထားခြင်းကို မေ ၂၅ ရက်က ကြားနာခဲ့ပြီး စွပ်စွဲခံရသူများဘက်က ကြည်လင်းကို စွဲချက်တင်ထားသည့်ပုဒ်မများကို ပြောင်းလဲပြင်ဆင်ပေးရန်၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို တရားရှင် လွှတ်ပေးရန် လျှောက်ထားခဲ့သည်။

ထိုသို့လျှောက်ထားရာတွင် မြောက်ပိုင်းခရိုင်တရားရုံးက ကြည်လင်းကို စွဲချက်တင်ထားသည့် ရာဇသတ်ကြီးအမှု အမှတ် ၄၅/၂၀၁၇ (လူသတ်မှုအမှုတွဲ) မှ ကြည်လင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁) (ခ) /၃၄  အစား ၃၀၂ (၂) ကို ပြင်ဆင်ပေးရန်၊ ၃၀၂ (၂) အစား (၃၀၄) ကိုပြင်ဆင်ပေးရန်၊ ရာဇသတ်ကြီး အမှုအမှတ် ၄၆/၂၀၁၇ (လက်နက်မှုအမှုတွဲ)မှ ကြည်လင်းကို စွဲချက်တင်ထားသည့်  ၁၉  (ဃ) (စ) တို့အစား သေနတ်လက်ဝယ် တွေ့ရှိမှုဖြင့်သာ စွဲချက်တင်သင့်ကြောင်း လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို အမှုမှတရားရှင်လွှတ်ပေးရန် ထိုသို့တရားရှင်လွှတ်ပေးရန်လျှောက်ထားရခြင်းမှာ တရားလိုဘက်မှ သက်သေပြနိုင်မှု အားနည်းသည်ဟု ယူဆသောကြောင့် ဖြစ်ကြောင်း စွပ်စွဲခံရသူများ၏ ရှေ့နေတစ်ဦး ဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်ထိုက်က ပြောကြားသည်။

“ကြည်လင်းကလွဲပြီး ကျန်တဲ့သူတွေကို တရားရှင်လွှတ်ဖို့ဆိုလိုရင် ဟုတ်တယ်။ အဓိက ကတော့ တရားလိုသက်သေ မထူနိုင်ဘူးလို့ ယူဆလို့” ဟု ဦးကျော်ကျော်ထိုက်က ဆက်လက်ပြောကြားသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ တရားစွဲခံထားရသူများကို အမှုစစ်တရားရုံးက ဖေဖော်ဝါ ရီ  ၉ ရက်တွင်  စွဲချက်တင်ခဲ့သည်။

ထိုသို့စွဲချက်တင်ရာတွင် ရာဇသတ်ကြီး အမှုအမှတ် ၄၅/၂၀၁၇ (လူသတ်မှုအမှုတွဲ)မှ ကြည်လင်းကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ (၁)(ခ)/၃၄ ၊ ၃၀၂(၂) ဖြင့်လည်းကောင်း၊ အောင်ဝင်းဇော်ကို  ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁) (ခ)/၃၄ ဖြင့်လည်းကောင်း၊ ဇေယျာဖြိုးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁)(ခ)/၃၄ ဖြင့်လည်းကောင်း၊ အောင်ဝင်းထွန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၁၂ ဖြင့်လည်းကောင်း စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရာဇသတ်ကြီး အမှုအမှတ် ၄၆/၂၀၁၇ (လက်နက်မှု အမှုတွဲ) မှ ကြည်လင်း နှင့် အောင်ဝင်းဇော်တို့ကို လက်နက်ဥပဒေ ပုဒ်မ ၁၉ (ဃ) (စ)တို့ဖြင့် စွဲချက်တင်ခဲ့သည်။

စွပ်စွဲခံရသူများအပေါ်တွင်ထားသည့် အထက်ပါစွဲချက်များသည် လုံလောက်မှု မရှိသဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ဖြင့်ပါ အရေးယူပေးရန် တရားလိုဘက်မှ လျှောက်ထားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အမှုထဲမှာပါတဲ့ အချက်အလက်နဲ့ အခင်းဖြစ်ရပ်ကို ပြန်ကြည့်တဲ့အခါကျတော့ ဥပဒေတစ်ရပ်ကို ပြည်ထောင်စု လွှတ်တော်ကပြဋ္ဌာန်းတယ်ဆိုတာ ပြတိုက်ထဲမှာ ထားဖို့မဟုတ်ဘူး။ (၂၀၁၄)ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်အရ လေဆိပ်လိုနေရာမျိုးမှာ ဟိုးလေးတကျော် ဖြစ်အောင် ပစ်ခတ်သတ်ဖြတ်မှုနဲ့ပတ်သက်ရင် ဒါအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ငြိစွန်းတယ်။ အဲဒီတော့ လက်ရှိပုဒ်မတွေအရနဲ့ မလုံလောက်တဲ့အတွက် အဲဒီအကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရလည်းပဲ အရေးယူဖို့အတွက် လျှောက်ထားတာဟု” တိုင်းတရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ရခြင်းနှင့်ပတ်သက် တရားလိုဘက်မှရှေ့နေတစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

Most Read

Most Recent