မြန်မာနိုင်ငံမှ ပြန်လည်လက်ခံရေး ဆောင်ရွက်နေသည်မှာ လေးလရှိပြီဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာသွားကြသူများအနက် ပြန်လည်ဝင်ရောက်လာသူ ဘင်္ဂါလီငါးဦးသာရှိ

မြန်မာနိုင်ငံမှ ပြန်လည်လက်ခံရေး ဆောင်ရွက်နေသည်မှာ လေးလရှိပြီဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာသွားကြသူများအနက် ပြန်လည်ဝင်ရောက်လာသူ ဘင်္ဂါလီငါးဦးသာရှိ
Published 26 May 2018

တောင်ပြိုလက်ခံရေးစခန်းတွင် ပြန်လည်လက်ခံရေးဆောင်ရွက်နေသည်ကို ပြည်ပသတင်းဌာနများ သတင်းရယူစဉ်

ဇန်နဝါရီ ၂၃ ရက်မှစတင်ခဲ့သည့် မြန်မာ နိုင်ငံမှ ပြန်လည်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်နေသည်မှာ လေးလကြာမြင့်ပြီ ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားကြသူများအနက် ပြန်လည်ဝင်ရောက်လာသူ ဘင်္ဂါလီငါးဦးသာရှိကြောင်း သိရသည်။

မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားခဲ့ကြသူများအနက် ဘင်္ဂါလီငါးဦးသည် ဧပြီ ၁၄ ရက်က မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာသွားခဲ့ကြသည့် မိသားစုဝင်များအနက် အစ္စလာမ်ဘာသာဝင် အဲဖ်တာအာလွမ်ပါ မိသားစုဝင်ငါးဦးသည် တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသော မိသားစုဝင်ငါးဦးအား ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနက ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနှင့် အညီစစ်ဆေးခြင်း၊ နိုင်ငံအတွင်း အမှန်တကယ် နေထိုင်ခဲ့ခြင်း ရှိ၊ မရှိ စိစစ်ခြင်းနှင့် လူ ဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး သတ်မှတ်ချက်နှင့်ညီသော မိသားစုဝင်များအား NV(National Verification) ကတ်များ နေ့ချင်းပြီးပြုလုပ် ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်လည်ဝင်ရောက်လာသော မိသားစုဝင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်နယ်ကျန်းမာရေးဦးစီးဌာနက မိသားစုဝင်တစ်ဦးချင်းကို ကျန်းမာရေးစစ်ဆေးပေးပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဆန်၊ ခြင်ထောင်၊ စောင်၊ တီရှပ်၊ ကျားဝတ်/မ,ဝတ်လုံချည်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့ပေးကာ နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသူ ငါးဦးအား ပြန်လည်လက်ခံရေးနှင့် NV ကတ် ပြုလုပ်ပေးရေး ဆောင်ရွက်ရာသို့ မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဦးရဲထူး၊ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ တောင်ပြိုလက်ဝဲမြို့ အုပ်ချုပ်ရေးမှူး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဥက္ကာကို၊ လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုသော်၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဝင်းဦးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာခဲ့သူများအနက် ဘင်္ဂါလီငါးဦး ဝင်ရောက်ပြီး နောက်ပိုင်း ဆက်လက်၍ ပြန်လည်ဝင်ရောက်လာမည့်သူများအား လက်ခံရေးဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်အထိ ဟိန္ဒူ၊ မွတ်စလင် တစ်ဦးတစ်ယောက်မျှ ပြန်လည်ဝင်ရောက်မှု မရှိသေးကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မေ ၂၄ ရက် နံနက် ၉ နာရီ ခွဲမှ ညနေ ၄ နာရီအထိ မောင်တောမြို့နယ် တောင်ပြို (လက်ဝဲ) မြို့ ပြန်လည်လက်ခံရေး စခန်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကိုကိုသော် ဦးဆောင်သည့်အဖွဲ့၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်အောင် ဦးဆောင်သည့်အဖွဲ့၊ လက်ထောက် မီးသတ်ဦးစီးမှူး ဦးတင်စော ဦးဆောင်သည့်အဖွဲ့၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ တပ် ဖွဲ့ဝင်များနှင့် ကျန်းမာရေးမှ ဒေါက်တာ ရန်လင်းကျော်ဦးဆောင်သည့် အဖွဲ့တို့ဖြင့်လည်း ကောင်း၊ ငါးခူရ ပြန်လည်လက်ခံရေးစခန်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးဝင်းခိုင် ဦးဆောင်သည့်အဖွဲ့၊ လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာရွှေ ဦးဆောင်သည့်အဖွဲ့၊ လက်ထောက်မီးသတ် ဦးစီးမှူး ဦးခင်မောင်ထွေး ဦးဆောင်သည့်အဖွဲ့၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးမှ ဒေါက်တာအောင်စိုးသူ ဦးဆောင်သည့်အဖွဲ့တို့ဖြင့်လည်းကောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် သူများအား လက်ခံရေးဆောင်ရွက်ခဲ့ရာ ဟိန္ဒူ၊ မွတ်စလင်များ ပြန်လည်ဝင်ရောက်မှု မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent