ချန်ပီယံလိဂ်ဗိုလ်လုပွဲအမီ မီလ်နာနှင့် အမ်မရီချန် ကြံ့ခိုင်မှုပြည့်ဝလာပြီး ဗိုလ်လုပွဲကံကြမ္မာဆိုးရပ်တန့်ရန် ကြိုးပမ်းမည်ဟု လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် ကြုံးဝါး

ချန်ပီယံလိဂ်ဗိုလ်လုပွဲအမီ မီလ်နာနှင့် အမ်မရီချန် ကြံ့ခိုင်မှုပြည့်ဝလာပြီး ဗိုလ်လုပွဲကံကြမ္မာဆိုးရပ်တန့်ရန် ကြိုးပမ်းမည်ဟု လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် ကြုံးဝါး
Published 26 May 2018

လီဗာပူးလ်အသင်း၏ အားထားရသည့် ကွင်းလယ်ကစားသမားနှစ်ဦးဖြစ်သူ ဂျိမ်းစ်မီလ်နာနှင့် အမ်မရီချန်တို့သည် ချန်ပီယံလိဂ်ဗိုလ်လုပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာပြီဖြစ်ပြီး နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က ဗိုလ်လုပွဲ ကံကြမ္မာဆိုးကို ရပ်တန့်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ကြုံးဝါးပြောဆိုခဲ့သည်။

ယခုရာသီကုန်တွင် လီဗာပူးလ်အသင်း နှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် အမ် မရီချန်သည် ကျောဒဏ်ရာကြောင့် မတ်လကတည်းက အနားယူနေရသော်လည်း ဗိုလ်လုပွဲမတိုင်မီ အသင်းဖော်များနှင့် လေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်သည်။ ထို့ပြင် အသေးစားကြွက်သားဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ် လွဲချော်ခဲ့သူ မီလ်နာမှာလည်း ရီးယဲလ်မက်ဒရစ်အသင်းနှင့် ယနေ့ကစားမည့် ဗိုလ်လုပွဲတွင် ပါဝင်နိုင်မည်ဖြစ်သည်။ " မီလီက ကြံ့ခိုင်မှုပြည့်ဝနေပါပြီ။ အမ်မရီကတော့ အံ့အားသင့်စရာကောင်းအောင် ပြန်ကောင်းလာတာပါ။ သူက ပြန်ကစားနိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောပေမယ့် မလွယ်ဘူးလို့ ထင်ထားတာပါ။ ဒါပေမဲ့ ဒဏ်ရာကပြန်လာပြီး ပထမဆုံးနေ့မှာပဲ ဘယ်လိုနေလဲမေးတော့ အရမ်းကောင်းတယ်လို့ ဖြေတယ်။ နောက်ရက်မှာလည်း ထပ်မေးတော့ အရမ်းကောင်းတယ်လို့ပဲ ဖြေတယ်။ အခု ပုံမှန်အတိုင်း အပြည့်အဝလေ့ကျင့်နိုင်ပါပြီ။ သူက ကောင်းမွန်တဲ့ရွေး ချယ်မှုဖြစ်လာမှာပါ " ဟု ကလော့ပ်က ပြောကြားသည်။ ကလော့ပ်သည် နည်းပြဘဝတစ်လျှောက် ဗိုလ်လုပွဲအဆင့်သို့ ခြောက်ကြိမ်ရောက်ရှိဖူးသော်လည်း တစ်ကြိမ်သာအနိုင်ရကာ နောက်ဆုံးငါးကြိမ်ဆက်တိုက် (ဒေါ့မွန် နှင့် သုံးကြိမ်၊ လီဗာပူးလ်နှင့် နှစ်ကြိမ်) ရှုံးနိမ့် ထားကြောင်း သိရသည်။ ယင်းအခြေအနေ နှင့်ပတ်သက်၍ ၎င်းက " အသင်းက မဲလ်ဝုဒ် (လီဗာပူးလ်အသင်း၏ လေ့ကျင့်ရေးကွင်း)မှာ ငွေတံဆိပ်တွေ ချိတ်ဆွဲထားလေ့မရှိပါဘူး။ ဗိုလ်လုပွဲရောက်တယ်ဆိုတာ ကျေနပ်စရာပါပဲ။ ဒါပေမဲ့ အနိုင်ရတာက ပိုပြီးကျေနပ်စရာ ကောင်းတာမို့ ကျွန်တော်တို့လုပ်ရမယ့်အရာ မပြီးသေးပါဘူး။ ဒီပြိုင်ပွဲမှာသာ ဗိုလ်စွဲမယ် ဆိုရင် Road to Kiev ခရီးစဉ်က အထူးခြားဆုံးဖြစ်လာမှာပါ။ ဒီလိုဖြစ်ဖို့ ကိုယ်ကလည်း အရမ်းကောင်းနေဖို့ လိုပါတယ်" ဟု ဆိုခဲ့ကြောင်းလည်း သိရသည်။

 

Most Read

Most Recent