ရန်ကုန်မြို့သစ်စီမံကိန်း၊ ခရီးသည်တင်ယာဉ်နှင့် လယ်ယာမြေများပြုပြင်ခြင်း လုပ်ငန်းများ အပါအဝင် တိုင်းအစိုးရအဖွဲ့က ရင်းနှီးမြှုပ်နှံထားသည့် ကျပ် ၁၄၁ ဘီလျံကျော်အား အမှန်တကယ် ဆောင်ရွက်ထားခြင်းရှိ၊ မရှိ စာရင်းစစ်ချုပ်ရုံးမှ ဆွေးနွေးပေးရန် အဆိုတင်သွင်း

ရန်ကုန်မြို့သစ်စီမံကိန်း၊ ခရီးသည်တင်ယာဉ်နှင့် လယ်ယာမြေများပြုပြင်ခြင်း လုပ်ငန်းများ အပါအဝင် တိုင်းအစိုးရအဖွဲ့က ရင်းနှီးမြှုပ်နှံထားသည့် ကျပ် ၁၄၁ ဘီလျံကျော်အား အမှန်တကယ် ဆောင်ရွက်ထားခြင်းရှိ၊ မရှိ စာရင်းစစ်ချုပ်ရုံးမှ ဆွေးနွေးပေးရန် အဆိုတင်သွင်း
Published 26 May 2018

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်ဖြိုး)

ရန်ကုန်မြို့သစ်စီမံကိန်း၊ ခရီးသည်တင်ယာဉ်နှင့် လယ်ယာမြေများပြုလုပ်ခြင်း လုပ်ငန်းများအပါအဝင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ရင်းနှီးမြှုပ်နှံထည့်ဝင်ထားသည့် ကျပ် ၁၄၁ ဘီလျံကျော်အား အမှန်တကယ်ဆောင်ရွက်ထားခြင်းရှိ၊ မရှိ စာရင်းစစ်ချုပ်ရုံးမှ ဆွေး နွေးပေးရန်အဆိုအား ဆိပ်ကြီးခနောင်တို မြို့နယ် မဲဆန္ဒ နယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ၂၀၁၆-၂၀၁၇ ခုနှစ် ဖြည့်စွက်ဘဏ္ဍာရန်ပုံငွေတွင် City Bank ၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရင်းနှီးမြှုပ်နှံငွေထည့်ဝင်ခြင်းအတွက် ၆၄  ဘီလျံကိုလည်းကောင်း၊ ခရီးသည်တင်မော်တော်ယာဉ် သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီများတွင် ထည့်ဝင်ရင်းနှီးမြှုပ်နှံခြင်းအတွက် ဘီလျံ ၇၀ ကိုလည်းကောင်း၊ လယ်ယာမြေများ ပြုပြင်ခြင်းလုပ်ငန်းအတွက် ကျပ် ၇၇၄၈ ဒသမ ၃၀၁ သန်းကိုလည်းကောင်း လွှတ်တော်မှ ခွင့်ပြုခဲ့ခြင်းအပေါ် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ ၂၀၁၈ ခုနှစ် တစ်နှစ်ပြည့်အစီရင်ခံစာတွင် တင်ပြ ဆွေးနွေးပေးရန် အဆိုကို မေ ၂၅ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန်အစည်း အဝေး ၃၃ ရက်မြောက်တွင် ဒေါ်စန္ဒာမင်းမှ လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

“၂၀၁၆-၂၀၁၇ ဖြည့်စွက်ဘဏ္ဍာရန်ပုံငွေတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ကုန်မြို့သစ်တည်ဆောက်ရေးလုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် Yangon Metropolitan Development Public Co., Ltd အများပိုင် ကုမ္ပဏီတည်ထောင်ပြီး ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ဆောင်ရန်အတွက် ၆၄ ဘီလျံကို လည်းကောင်း၊ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလိမိတက် တည်ထောင်ရန်အတွက် ဘီလျံ ၇၀ ကိုလည်းကောင်း၊ လယ်ယာမြေများ ပြုပြင်ခြင်းလုပ်ငန်းအတွက် ၇၇၄၈ ဒသမ ၃၀၁ သန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရင်းနှီးမြှုပ်နှံရန်အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ခွင့်ပြုပေးခဲ့ပါတယ်။ ယခုဆိုရင် မတည်ရင်းနှီးငွေ ထုတ်ပေးထားတာလည်း နှစ်နှစ်ကျော်ပြီဖြစ်ပါတယ်”  ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ထို့ပြင် YUPT ကို အများပိုင်ကုမ္ပဏီ တည်ထောင်ထားသည့်အတွက် အများပိုင်ကုမ္ပဏီများ အက်ဥပဒေအရ နှစ်ပတ်လည်အစည်းအဝေးတွင် ရှုံးခြင်း၊ မြတ်ခြင်းတို့ကို  ထည့်သွင်းကြေညာပေးမည်ဟု စီမံ/ဘဏ္ဍာ ဝန်ကြီးက ပြောကြထားကြောင်း၊ ယခုထိတိုင် အများပိုင်ကုမ္ပဏီတည်ထောင်ထားပြီး ကုမ္ပဏီမှ ခန့်အပ်ထားသော ပြည်ပစာရင်းစစ်အား စစ်ဆေးနိုင်သည် မှန်သော်လည်း YUPT ကုမ္ပဏီနှင့် Yangon Metropolitan Development Public Co., Ltd  တို့တွင် ထည့်ဝင်ထားသည့် ငွေများမှာ ပြည်သူ့ဘဏ္ဍာ ငွေများဖြစ်သည့်အတွက် လွှတ်တော်မှ စစ်ဆေးပေးလိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အဲဒီငွေစာရင်းတွေကို စစ်ဆေးပိုင်ခွင့် ရှိ၊ မရှိ ဥပဒေတွေမှာ အခုလိုဖော်ပြထားတာ တွေ့ရှိရပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ် ခန့်အပ်တာဝန်ပေးအပ်ရာမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အရသုံးငွေစာရင်းများကို စစ်ဆေးပြီး သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်လွှတ်တော်သို့ တင်ပြနိုင်ရန် ခန့်အပ်တာဝန် ပေးအပ်ထားခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်”  ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ထို့အတူ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၇၁ (က) ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပုဒ်မ ၂၅ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်၏ တာဝန်များထဲမှ ပုဒ်မ (ခ) နှင့် (ဂ) တို့တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များအရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ အရအသုံးစာရင်းများ စစ်ဆေးခြင်း၊  အရအသုံးခန့်မှန်းခြေ ငွေစာရင်းပါ သုံးစွဲခွင့် ပြုထားသည့်ငွေကြေးများကို ထိရောက်စွာ အသုံးပြု၊ မပြု စစ်ဆေးခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး ဌာနများ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုကို စစ်ဆေးခြင်းဟု ဖော်ပြထားသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရင်းနှီးမြှုပ်နှံထည့်ဝင်ထားသော ကိစ္စရပ်များအား အမှန်တကယ် ထိရောက်အောင် ဆောင်ရွက်ထားခြင်း ရှိ၊ မရှိကိုလည်းကောင်း ဆောင် ရွက်ပေးနိုင်ရန် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် စာရင်းစစ်ချုပ်အား တင်ပြရခြင်းဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။

“တချို့ကိစ္စရပ်တွေက တင်ပြတဲ့သူအတွက် လွယ်ပေမယ့် အမှန်တကယ် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေရတဲ့ သူတွေအတွက် ခက်ခဲတာကို သိပါတယ်။ သို့ပေမယ့် ကျွန်မတင်ပြတဲ့ကိစ္စရပ်မှာ စာရင်းစစ်ချုပ်အနေဖြင့် ဥပဒေတစ်ရပ်ပြဋ္ဌာန်းထားပြီး လုပ်ပိုင်ခွင့်ရှိသော တာဝန်တစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်ထောင်စု  စာရင်းစစ်ချုပ်ရဲ့ ဥပဒေပုဒ်မ ၃၀ မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ် တစ်ဦးဦးသည် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်ပါက ယင်းအား ရာထူးမှ နုတ်ထွက်ရန် နိုင်ငံတော်သမ္မတက ညွှန်ကြားနိုင်သည်ဟု ဖော်ပြထားပါတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ဒေါ်စန္ဒာမင်း အဆိုတင်သွင်းသည့်ကိစ္စသည် ပြည်သူ့ဘဏ္ဍာငွေဖြစ်သည့်အတွက် ပြည်သူလူထုသိရှိနိုင်ရန် ပွင့်လင်းမြင်သာရေး နှင့် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ တစ်နှစ်ပြည့်အစီရင်ခံစာတွင် တင်ပြဆွေးနွေးနိုင်ရန် အဆိုကို ထောက်ခံကြောင်း ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်သူ့ ငွေစာရင်းကော်မတီဒုတိယဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောကြားသည်။

ဒေါ်စန္ဒာမင်း တင်သွင်းခဲ့သည့်အဆိုနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးရန် သင့်၊ မသင့်ကို ကိုယ်စားလှယ်များ၏ သဘောထားတောင်းခံရာ ကန့်ကွက်သူမရှိသဖြင့် မေ ၂၉ ရက်တွင် ဆွေးနွေးမည် ဖြစ်သည်။

Most Read

Most Recent