နေပြည်တော်တွင် စတူဒီယိုများပါဝင်မည့် ရုပ်ရှင်ခြံတည်ထောင်မည်ဟု ပြန်ကြားရေးဝန်ကြီး ပြောကြား

နေပြည်တော်တွင် စတူဒီယိုများပါဝင်မည့် ရုပ်ရှင်ခြံတည်ထောင်မည်ဟု ပြန်ကြားရေးဝန်ကြီး ပြောကြား
Published 26 May 2018

မေ ၂၅ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ဝန်ကြီးဌာန၏ ဒုတိယတစ်နှစ်တာသက်တမ်းကာလအတွင်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းစဉ်

နေပြည်တော်တွင် စတူဒီယိုများ ပါဝင်မည့် ရုပ်ရှင်ခြံတည်ထောင်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားသည်။

မေ ၂၅ ရက်တွင် ပြန်ကြားရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ဝန်ကြီးဌာန၏ ဒုတိယတစ်နှစ်တာ သက်တမ်းကာလအတွင်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က “ရုပ်ရှင်ခြံကိစ္စနဲ့ပတ်သက်ပြီး ပူပူနွေးနွေး အနေနဲ့ အခုလပိုင်းအတွင်းမှာ ကျွန်တော်တို့ ဆောင်ရွက်နေတာ တစ်ခုရှိပါတယ်။ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်တဲ့အပိုင်း ဖြစ်ပါတယ်။ ဒါက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ရုပ်ရှင်လောကသားများနဲ့ တွေ့ဆုံတဲ့အခါမှာ ရုပ်ရှင်လောကသားများက သူတို့ရဲ့လိုအပ်ချက်ကို တင်ပြတာရှိပါတယ်။ External ရုပ်ရှင် စတူဒီယိုနဲ့ ရုပ်ရှင်သင်တန်းကျောင်း ဒါတွေ ဖြစ်မြောက်ရေးအတွက်ကို အကူအညီပေးဖို့အတွက် အဲဒီဟာနဲ့ ဆက်စပ်ပြီး ကျွန်တော်တို့ ဒီကနေ့မှာ ကျွန်တော်တို့ ရုပ်ရှင်အတွက် ရုပ်ရှင်စတူဒီယိုတစ်ခု ပေါ်ထွန်းရေးနဲ့ ရုပ်ရှင်သင်တန်းကျောင်း ပေါ်ပေါက်ရေး ကျွန်တော်တို့  ဆောင်ရွက်နေတာရှိပါတယ်။ ဒီအတွက်ကို ရုပ်ရှင်လောကသားများ ရုပ်ရှင်အစည်းအရုံးနဲ့ အခြားရုပ်ရှင်နဲ့ ပတ်သက်တဲ့အဖွဲ့အစည်း တော်တော်များများနဲ့ ကျွန်တော်တို့  တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ရုပ်ရှင်လုပ်ငန်းလုပ်ကိုင်သူများနဲ့လည်း ကျွန်တော်တို့  တွေ့ဆုံဆွေးနွေးပါတယ်။ ပြီးတော့ နေပြည်တော်မှာ ရုပ်ရှင်စတူဒီယို အင်ဒိုး၊ အောက်ဒိုး စတူဒီယိုနဲ့ ရုပ်ရှင်နယ်ပေါ့။ သို့မဟုတ် ရုပ်ရှင်ရွာတစ်ခု ဖြစ်မြောက်ဖို့အတွက် ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ လောလောဆယ် လျာထားတဲ့နေရာကတော့ ဥတ္တရသီရိဟို တယ်ဇုန်မရောက်မီ အဝိုင်းရှိပါတယ်။ တစ်ဖက်ပိတ်အဝိုင်းရှိတယ်။ အဲဒီအဝိုင်းအနီးက တစ်ဖက်ခြမ်းမှာ ဇဝနသိဒ္ဓိရပ်ကွက် ရှိပါတယ်။ ဇဝနသိဒ္ဓိရပ်ကွက်ရဲ့ မျက်နှာချင်းဆိုင်ဘက် အခြမ်းဝန်းကျင်ကို ရုပ်ရှင်သမားများနဲ့ ညှိနှိုင်းပြီး ဒီနေရာကို ရုပ်ရှင်ခြံ၊ ရုပ်ရှင်ဆိုင်ရာ Entertainment စသဖြင့် ဒီလိုနေရာဌာနမျိုး တစ်ခုဖြစ်အောင် ထူထောင်ဖို့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ ရုပ်ရှင်ပညာသင်တန်း ဖြစ်မြောက်ဖို့အတွက်ကိုလည်း ကျန်တဲ့ရုပ်ရှင်သမားများနဲ့ ရုပ်ရှင်မြှင့်တင်ရေးဆောင်ရွက်နေတဲ့ ကျန်တဲ့အဖွဲ့အစည်းများနဲ့လည်း ပူးတွဲဆောင်ရွက်နေတာ ရှိပါတယ်။ ဒီအစီအစဉ်နှစ်ရပ်ကို ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာနသာမက  သက်ဆိုင်တဲ့ အခြားဝန်ကြီးဌာနများဖြစ်တဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ နေပြည်တော်မှာဖြစ်လို့ နေပြည်တော်ကောင်စီ ပါပါတယ်။ ပြီးနောက် ဟိုတယ်ဇုန်နေရာဒေသမှာ လုပ်မှာဖြစ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနလည်း ပါဝင်ပါတယ်။ ဆောက်လုပ်ရေးဆိုင်ရာကိစ္စရပ်များ ရှိလာနိုင်တဲ့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပါဝင်ပါတယ်။ ဒီသက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေ ပါဝင်ပြီး ရုပ်ရှင်လောကသားများနဲ့ ပူးတွဲပြီး မြန်မာ့ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ရှင်ခြံ၊ ရုပ်ရှင်သင်တန်းကျောင်းဖြစ်မြောက်ရေး အတွက်ကိုလည်း လောလောဆယ်မှာ ကျွန်တော်တို့  ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent