၂၀၁၇ ခုနှစ်တွင် ပုဂံဒေသသို့ လည်ပတ်သည့် နိုင်ငံခြားသားခရီးသွား သုံးသိန်းကျော်မှ ဇုန်ဝင်ကြေး ကျပ်သိန်းပေါင်း ခုနစ်သောင်းကျော် ကောက်ခံရရှိထား

၂၀၁၇ ခုနှစ်တွင် ပုဂံဒေသသို့ လည်ပတ်သည့် နိုင်ငံခြားသားခရီးသွား သုံးသိန်းကျော်မှ ဇုန်ဝင်ကြေး ကျပ်သိန်းပေါင်း ခုနစ်သောင်းကျော် ကောက်ခံရရှိထား
Published 26 May 2018

ရှေးဟောင်းပုဂံဒေသသို့ ၂၀၁၇ ခုနှစ်တွင် လာရောက်လည်ပတ်သည့် နိုင်ငံခြား ခရီးသွားသုံးသိန်းကျော်မှ ဇုန်ဝင်ကြေးကောက်ခံရရှိမှုမှာ ကျပ်သိန်းပေါင်းခုနှစ်သောင်းကျော် ကောက်ခံရရှိထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန (ပုဂံဇုန်) မှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ရှေးဟောင်း ပုဂံဒေသသို့ နိုင်ငံခြားခရီးသွားဦးရေ ၃၀၀၄၄၁ ဦးလာရောက်လည်ပတ်ခဲ့ပြီး ဇုန်ဝင်ကြေးအနေဖြင့် နိုင်ငံခြားခရီးသွားတစ်ဦးလျှင် ကျပ် ၂၅၀၀၀ ကောက်ခံလျက်ရှိကြောင်း သိရသည်။

ရှေးဟောင်းပုဂံဒေသသို့ ၂၀၁၇ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် နိုင်ငံအလိုက် ခရီးသွားအများဆုံး ဝင်ရောက်သည့် နိုင်ငံများမှာ အမေရိကန်နိုင်ငံသား ၂၂၀၇၁ ဦး၊ ယူကေမှ ၁၁၈၂၅၃ ဦး၊ ဂျပန်မှ ၁၇၇၁၈ ဦး၊ ပြင်သစ်မှ ၁၅၃၅၆ ဦးနှင့် ဂျာမနီနိုင်ငံမှ ၁၃၈၈၂ ဦး အများဆုံး လာရောက်လည်ပတ်ထားကြောင်း သိသည်။

ထို့ပြင် ပုဂံဒေသသို့ လာရောက်လည်ပတ်သည့် ပြည်တွင်း/ပခရီးသွားများတည်း ခိုမှုအဆင်ပြေစေရန်အတွက် ဟိုတယ် ၈၅ လုံးနှင့် အခန်းပေါင်း ၂၉၁၉ ခန်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဟိုတယ် လိုင်စင်ဖြင့် လုပ်ကိုင်ခွင့်ပြုပေးထားလျက်ရှိသည်။

ပုဂံဒေသသို့ ၂၀၁၇ ခုနှစ်တွင် လေကြောင်းမှ နိုင်ငံခြားခရီးသွားဝင်ရောက်မှုမှာ ၁၁၅၄၇၅ ဦး၊ ရေကြောင်းမှ ဝင်ရောက်မှုမှာ ၄၉၈၇၉ ဦးနှင့် ကုန်းကြောင်းမှ ဝင် ရောက်မှုမှာ ၁၃၅၀၈၇ ဦးဝင်ရောက်ထားပြီး စုစုပေါင်း နိုင်ငံခြားခရီးသွား ၃၀၀၄၄၁ ဦး ဝင်ရောက်ထားကြောင်း သိရသည်။

နိုင်ငံခြားခရီးသွားများအနေဖြင့် ဟိုတယ်လိုင်စင်ဖြင့် ဖွင့်လှစ်ထားသည့်ဟိုတယ်၌ တည်းခိုရာတွင်ရရှိဝင်ငွေမှာ ၂၀၁၇ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၉၉၁၄၅၅၃ နှင့် မြန်မာကျပ်ငွေသိန်း ၁၁၂၀၄ ၈၅၀ ရရှိထားကြောင်း သိရသည်။

ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု တိုးတက်လာသည်နှင့်အမျှ ဟိုတယ်လုပ်ငန်းများ တိုးတက်လာသည်ကို တွေ့ရှိရပြီး၊ ခရီးသွားလုပ်ငန်းသည် ဝန်ဆောင်မှုကိုအခြေခံသော လုပ်ငန်းဖြစ်၍ ဝန်ထမ်းများအနေဖြင့် ဝန်ဆောင်မှု အရည်အသွေးကောင်းမွန်ရန်နှင့် ဧည့်သည်များ ရရှိစေရေးအတွက် ဧည့်ဝတ်ကျေရန်လိုအပ်ကြောင်း ခရီးသွားလုပ်ငန်း ရှင်အသိုင်းဝိုင်းမှ သုံးသပ်ပြောကြားထားသည်။

မြန်မာနိုင်ငံသို့ ခရီးသွားများဝင်ရောက်မှု မြှင့်တက်လာသည်နှင့်အတူ ကမ္ဘာလှည့် ခရီးသွားအများစုသည် ပုဂံဒေသသို့ အများဆုံးသွားရောက်လေ့ရှိပြီး နှစ်စဉ်ခရီးသွားများ တိုးတက်လျက်ရှိရာ ခရီးစဉ်ဒေသတစ်ခုအဖြစ် ရေရှည်စနစ်တကျ ဖွံ့ဖြိုးတိုးတက်နိုင်ရန် လိုအပ်ချက်များကို သုတေသနပြုလုပ်ထားပြီး စီမံကိန်းများကို JICA နှင့်ပူးပေါင်း၍ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

“ပုဂံကိုလာရောက်လည်ပတ်တဲ့ ခရီးသွားတွေထဲမှာ အမှိုက်တွေကိုစည်းကမ်းမဲ့ စွန့်ပစ်ကြတဲ့ သူတွေရှိသေးတယ်။ ရုံးပိတ်ရက်ဆိုရင် ပိုဆိုးတယ်။ ခရီးသွားတွေကလည်း ပိုများတယ်။ ပုဂံဘုရားဖူးတွေကအရင်လိုပဲ ပုံစံသိပ်မပြောင်းကြသေးဘူး။ ခရီးသွားတွေကိုပြောချင်တာက အမှိုက်တွေကို စည်းကမ်းတကျနဲ့  စွန့်ပစ်ပါလို့ ပြောချင်ပါတယ်” ဟု Bagan Plastic Campaign Group မှ အဖွဲ့ဝင် ဦးတင့်ဆွေက ပြောကြားသည်။

မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ ခရီးသွားများ သွားရောက်လည်ပတ်မှုများသည့် ဒေသများတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်များအပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သုံးသပ်ထားသည်။

 

Most Read

Most Recent