ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ပြောင်းလဲသတ်မှတ်မည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးရေးဆွဲတင်ပြခြင်း ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်း

ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ပြောင်းလဲသတ်မှတ်မည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးရေးဆွဲတင်ပြခြင်း ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်း
Published 26 May 2018

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ပြောင်းလဲသတ်မှတ်မည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသည်။  ပြည်ထောင်စု အစိုးရအဖွဲ့က ပေးပို့သော ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းကို  နေပြည်တော်၌ မေ ၂၄ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တင်သွင်းခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကို ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ သတ်မှတ်ဆောင်ရွက်လျက်ရှိရာမှ အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ပြောင်းလဲသတ်မှတ်ဆောင်ရွက်ရန်နှင့် ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၇/၂၀၁၇) တွင် အတည်ပြုခဲ့ပြီး  ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃၁ ရက် ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် မှတ်တမ်းတင်ခဲ့ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

“အဲဒီလို ဘဏ္ဍာနှစ် ပြောင်းလဲသတ်မှတ်မယ့်ကာလကို  ပြင်ဆင်ဆောင်ရွက်မှာဖြစ်တဲ့အတွက်ကြောင့်  ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၂/ ၂၀၁၅ ဖြစ်တဲ့ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရ အသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကို ပြောင်းလဲကျင့်သုံးမယ့် ဘဏ္ဍာရေးနှစ်နဲ့အညီ ပြင်ဆင်ရန်လိုအပ်လာပြီး ပြည်ထောင်စုရဲ့ဘဏ္ဍာငွေအရ အသုံးရေး ဆွဲတင်ပြခြင်းဆိုင်ရာဥပဒေ ၂၀၁၅ ခုနှစ်ဟာ ပြည်ထောင်စုလွှတ်တော်မှာ စတင်ရေးဆွဲ ပြဋ္ဌာန်းခဲ့တာဖြစ်ပေမယ့် လက်ရှိစီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ယူစီမံခန့်ခွဲလျက်ရှိတဲ့ အတွက်ကြောင့် ဥပဒေပြင်ဆင်ရေးနဲ့ စပ်လျဉ်းပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ပြီး ယခုကဲ့သို့ တင်သွင်းရခြင်း ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။

ထို့ပြင် ဥပဒေကြမ်းအပေါ် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သုံးသပ်အကြံပြုချက်ကိုလည်း တောင်းခံခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်များနှင့်အညီ ပြင်ဆင်ထားကြောင်းနှင့် ဥပဒေကြမ်းတွင် စုစုပေါင်းပုဒ်မ ကိုးခုပါရှိမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent