ဧရာဝတီတိုင်းအတွင်း တည်ဆောက်နေသည့် ကျန်းမာရေးဌာနအဆောက်အအုံများအနက် လေးခုမှာ အရည်အသွေးမပြည့်မီသောကြောင့် တင်ဒါအောင်ကုမ္ပဏီများ ဆက်လက်တည်ဆောက်ခြင်းမပြုရန် တိုင်းအစိုးရမှရပ်နားထားခိုင်းပြီး ကုမ္ပဏီများအား အရေးယူဆောင်ရွက်မည်

ဧရာဝတီတိုင်းအတွင်း တည်ဆောက်နေသည့် ကျန်းမာရေးဌာနအဆောက်အအုံများအနက် လေးခုမှာ အရည်အသွေးမပြည့်မီသောကြောင့် တင်ဒါအောင်ကုမ္ပဏီများ ဆက်လက်တည်ဆောက်ခြင်းမပြုရန် တိုင်းအစိုးရမှရပ်နားထားခိုင်းပြီး ကုမ္ပဏီများအား အရေးယူဆောင်ရွက်မည်
Published 25 May 2018

လုပ်ငန်းရပ်နားထားသည့် ညောင်တုန်းဆေးရုံကြီးကို တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ တင်ဒါချထားပေးသည့် ဆေးရုံနှင့်ဝန်ထမ်းအဆောင်များ တည်ဆောက်နေမှုတွင် စံချိန်စံညွှန်းနှင့် မပြည့်မီသည့် အဆောက်အအုံလေးခုအား ဆက်လက် တည်ဆောက်ခြင်းမပြုရန် တိုင်းဒေသကြီး အစိုးရမှ ရပ်နားထားခိုင်းပြီး တင်ဒါအောင်ကုမ္ပဏီများကို လိုအပ်သည့်အရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ တင်ဒါချထားပေးသည့် ဆေးရုံနှင့်ဝန်ထမ်းအဆောင်များအနက် ပုသိမ်ကုတင်ငါးရာဆံ့ဆေးရုံကြီး တည်ဆောက်မှု၊ ညောင်တုန်းမြို့ ဆေးရုံ သုံးထပ်တိုးချဲ့အဆောက်အအုံ၊ ဇလွန်မြို့ရှိ ကျန်းမာရေးအဆောက်အအုံနှင့် ပန်းတနော် မြို့နယ်အင်းမတိုက်နယ်ဆေးရုံတည် ဆောက်မှုများမှာ တိုင်ကြားချက်များ စစ်ဆေးပေါ်ပေါက်မှုများကြောင့် အဆောက်အဦး တည်ဆောက်နေမှုမှာ သတ်မှတ်အရည်အသွေး မပြည့်မီခြင်း အရည်အသွေးမပြည့်မီသည့် လိုအပ်ချက်များကို ပြန်လည်ပြင်ခိုင်းရာတွင် လည်း သတ်မှတ်စံနှုန်းများအတိုင်း မလုပ်ဆောင်မှုများကြောင့် လုပ်ငန်းလုပ်ဆောင်နေမှုများကို ရပ်ထားနားစေပြီး အဆောက်အအုံ ကြံ့ခိုင်မှု လိုအပ်ချက်များကို ဆက်လက်စစ်ဆေးဆောင်ရွက်ပြီးချိန်မှသာ အဆောက်အဦးများကို ဆက်လက်ဆောက် လုပ်စေမည် ဖြစ်ပြီး လုပ်ငန်းတင်ဒါအောင်ကုမ္ပဏီများကိုလည်း အရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျန်းမာရေးနဲ့ပတ်သက်တဲ့အဆောက်အဦးဆိုလျှင် ညောင်တုန်းမှာရှိတယ်၊ နောက်တစ်ခုက ဇလွန်မှာရှိတယ်။ နောက်တစ်ခုက အင်းမ တိုက်နယ် ဆေးရုံရှိတယ်။ အဲဒီသုံးခုကို လက်ရှိအနေအထားမှာ ရပ်နားထားပါတယ်။ အဓိကအချက်က တစ်ချက်ပဲရှိပါတယ်။သူတို့ကို အရည်အသွေးမမီတဲ့အတွက်ကြောင့်မို့လို့ ရပ်နားထားတာပါ။ ဆောက်လုပ်တာမှာ အရည်အသွေးမမီလို့ပါ။ အဲဒီလိုရပ်နားထားတဲ့ ကာလအတွင်းမှာ ကျွန်မတို့က ကျွန်မတို့ရဲ့ဧရာဝတီတိုင်းအတွက် တာဝန်ယူထားတဲ့ ဆောက်လုပ်ရေးအထူးအဖွဲ့နဲ့ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေက သွားရောက်စစ်ဆေးပြီးတာ တစ်ဖွဲ့ရှိတယ်။ နောက်တစ်ခုက တိုင်းအတွင်းမှာရှိနေတဲ့ တိုင်းရဲ့တည်ဆောက်ရေး နဲ့စိစစ်ရေးကော်မတီကနေတစ်ဆင့် သွားပြီးတော့ စိစစ်ထားတာ ရှိပါတယ်။ သူတို့စိစစ်ထားတဲ့အချက်တွေအပေါ်မှာ မူတည်ပြီးတော့ ကျွန်မတို့က ပြန်လည်သုံးသပ်ဖို့ရှိပါတယ်။ ပုသိမ်ဆေးရုံကြီး တည်ဆောက်မှုကိုလည်း ပြည်ထောင်စုကနေ ရပ်နားထားပါတယ်။ အရည်အသွေးကတော့ ဖောင်ဒေးရှင်း စပြီးတော့ တည်ကတည်းက ရှင်းရှင်းပြောလို့ရှိရင် ကျွန်မတို့ ပြည်သူလူထုနဲ့ သွားပြီးတော့ စစ်ဆေးတဲ့ကြီးကြပ်တဲ့အဖွဲ့တွေက နေပြီးတော့ မှန်မှန်ကန်ကန်နဲ့ ပြန်ပြီးတော့ တင်ပြတဲ့အပေါ်မှာတွေ့တယ်။ နောက်တစ်ချက်ကတော့ ပုံစံနဲ့  Drawing နဲ့ မကိုက်ညီတဲ့ဟာတွေရှိတယ်။ အဲဒါတွေက ဘာကြောင့် ဖြစ်တာလဲလို့ ပြန်ပြီးတော့ သုံးသပ်လိုက်တဲ့အခါမှာ ကြီးကြပ်တဲ့ အင်ဂျင်နီယာတွေကို မထားနိုင်ဘူး မထားနိုင်တဲ့အပေါ်မှာ မူတည်နေတယ်လို့ တွေ့ရတယ်။ ဆေးရုံကြီးတွေဖြစ်နေတဲ့အတွက် ကျွန်မတို့က ကျွန်မတို့ပေး ထားတဲ့အချက်အလက်တွေအတိုင်း လွဲလို့ရှိရင်တော့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး”ဟု လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း စာသင်ကျောင်းများနှင့် ဆေးရုံ ဆေးပေးခန်းများ တည်ဆောက်ရာတွင် အရည်အသွေးမပြည့်မီခြင်းကြောင့် အချိန်မတန်မီ အဆောက်အအုံများ ပျက်စီးမှုများ၊နံရံများအက်ကွဲခြင်း မကြာခဏ ဖြစ်ပေါ်နေလျက် ရှိသည်။

Most Read

Most Recent