မြေယာဥပဒေများကို အရပ်ဘက်အဖွဲ့အစည်း ၅၀၀ နီးပါး ဆွေးနွေးခဲ့ပြီး ရရှိခဲ့သည့် သဘောထားများကို လွှတ်တော်သို့ တစ်ပတ်အတွင်းပေးပို့မည်

မြေယာဥပဒေများကို အရပ်ဘက်အဖွဲ့အစည်း ၅၀၀ နီးပါး ဆွေးနွေးခဲ့ပြီး ရရှိခဲ့သည့် သဘောထားများကို လွှတ်တော်သို့ တစ်ပတ်အတွင်းပေးပို့မည်
Published 25 May 2018

လက်ရှိမြေယာဥပဒေများကို ဖျက်သိမ်းပြီး ဖက်ဒရယ် မြေယာဥပဒေသစ်တစ်ရပ် ဦးစွာရေးဆွဲရန် မြေယာအရေးလှုပ်ရှားသည့် အရပ်ဘက်အဖွဲ့အစည်း ၄၉၃ ဖွဲ့က ဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုမှရရှိသည့် သဘောထားများကို လွှတ်တော်သို့ တစ်ပတ်အတွင်း ပေးပို့မည်ဖြစ်ကြောင်း ဒို့မြေကွန်ရက်မှ သိရသည်။

မြေယာဥပဒေများနှင့်ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်း ၄၉၃ ဖွဲ့၊ တောင်သူလယ်သမားများ၊ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်သူများက ယခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် မြစ်ကြီးနား၊ ဒီးမော့ဆို၊ သံတောင်ကြီး၊ ကလေး၊ မော်လမြိုင်၊ စစ်တွေ၊ လားရှိုး၊ ကော့မှူး၊ လပွတ္တာ၊ ပြည်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ထားဝယ် စသည့်ဒေသများတွင် လူထုတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

“ဒါတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီကို ပေးပို့ပြီးတော့မှ ကျွန်တော်တို့တွေ့ဆုံသွားမယ်။ ဒီမြေယာဥပဒေနဲ့ပတ်သက်ပြီးတော့ ပြင်ဆင်ဖို့ကိစ္စရပ်တွေ။ နောက်တစ်ခုက ပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ လွှတ်တော်တွေမှာလည်း ကျွန်တော်တို့စာပို့မယ်။ ကျွန်တော်တို့ခေါင်းဆောင်တွေကနေ သွားပြီးဆွေးနွေးမယ်။ သဘောထားထုတ်ပြန်ချက်ကတော့ တစ်ပတ်အတွင်း ပေးပို့သွားမယ်လို့ ကျွန်တော်တို့အစည်းအဝေးမှာ ဆုံးဖြတ်ထားတာရှိပါတယ်” ဟု ဒို့မြေကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သဘောထားထုတ်ပြန်မှုတွင် ပါရှိချက်အချို့မှာ ၂၀၁၂ လယ်ယာမြေဥပဒေနှင့် ယင်းဥပဒေကို ပြန်လည်ပြင်ဆင်သည့် လယ်ယာမြေဥပဒေ ၂၀၁၇ တို့သည့် ဒေသခံများ၏ မြေယာအခွင့်အရေးများကို အသိအမှတ်ပြုထားခြင်းမရှိဘဲ လူတစ်ဦးချင်း၏ ပိုင်ဆိုင်မှုကို မှတ်ပုံတင်စေသည့်စနစ်ဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့်အတွက် တရားဝင်မြေသိမ်းယူရေး အလွယ်တကူဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားခြင်း၊ တိုင်းရင်းသားဒေသများတွင် ကျင့်သုံးလျက်ရှိသည့် ဒေသတွင်းမြေယာများကို စုပေါင်းပိုင်ဆိုင်စီမံကျင့်သုံးသည့် ဓလေ့ထုံးတမ်း မြေယာခန့်ခွဲမှုစနစ်များကို အသိအမှတ်ပြုထားမှုမရှိခြင်း၊ မြေယာပိုင်ဆိုင်မှု အထောက်အထားအသုံးပြု၍ မြေယာဈေးကွက်ကို အတိအလင်းဖော်ကာ မြေဝယ်/မြေရောင်း/မြေငှား/လွှဲပြောင်းခြင်းများ၌ မြေယာကို ရောင်းကုန်သဖွယ်ဖြစ်စေရန် တွန်းအားပေးထားသည့်အတွက် ဒေသခံ ဌာနေတိုင်းရင်းသားများ မြေဆုံးရှုံးမှု ပိုမိုဆိုးရွားစေခြင်း စသည့်ပြဿနာများ ဖြစ်စေသောကြောင့် ပြန်လည်ရေးဆွဲသင့်ကြောင်း စသည်တို့ပါဝင်သည်။

Most Read

Most Recent