ရန်ကုန်မြို့သစ်စီမံကိန်း၏ လူမှုစီးပွားစီမံချက် ရေးဆွဲရန် Mckinsey ကို တာဝန်ပေးထားပြီး ကုန်ကျစရိတ်အား DFID က ထောက်ပံံ့မည်

ရန်ကုန်မြို့သစ်စီမံကိန်း၏ လူမှုစီးပွားစီမံချက် ရေးဆွဲရန် Mckinsey ကို တာဝန်ပေးထားပြီး ကုန်ကျစရိတ်အား DFID က ထောက်ပံံ့မည်
Published 25 May 2018

NYDC အနေဖြင့် ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရာတွင် စီးပွားရေးအရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ ပိုမိုတိုးတက်ကောင်းမွန်အောင်ပုံဖော်ရန် လမ်းညွှန်ပေးမည့် လူမှုစီးပွားဆိုင်ရာပင်မစီမံချက် (Socio-Economic Master Plan) တစ်ရပ် လိုအပ်နေပြီး လိုအပ်နေသည့် SEMP ကို ရေးဆွဲရန် ကမ္ဘာ့ထိပ်တန်း စီမံအုပ်ချုပ်မှု အကြံပေးအဖွဲ့အစည်းဖြစ်သည့် Mickinsey & Company ကို တာဝန်ပေးခဲ့သည်ဟု NYDC ၏ CEO ဦးသိမ်းေ၀ (ခ) Mr. Serge Pun က ပြောကြားသည်။

ထိုသို့ အရေးကြီးသည့် SEMP ရေးဆွဲနိုင်မည့် ကုန်ကျစရိတ်ကို UK နိုင်ငံအစိုးရ၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန Department for international Development - DFID မှ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“Socio-Economic Master Plan ကို ရေးဆွဲရသည့် အဓိကရည်ရွယ်ချက်များအဖြစ် ရန်ကုန်မြို့သစ်၏ တန်ဖိုးအဆိုပြုချက်ကို ဖော်ထုတ်ရန်၊ စီးပွားရေးတိုးတက်မြင့်မားရေး နှင့် အလုပ်အကိုင် အခွင့်အလမ်းအသစ်များ ပေါ်ထွက်ရေးအတွက် စီးပွားရေးဆိုင်ရာ စိစစ်အကဲဖြတ်ချက်ပြုလုပ်ပြီး ဦးစားပေးကဏ္ဍများ သတ်မှတ်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် လူ့စွမ်းအား အရင်းအနှီး ဖွံ့ဖြိုးတိုးတက်မှု အစီအမံများ ဖော်ထုတ်ရန်တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့သစ်၏ စက်မှုလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား လုပ်ဆောင်နိုင်ရန် အကောင်းဆုံး နှင့် အမြန်ဆုံးလမ်းကြောင်းကို ရှာဖွေရန်၊  အစိုးရအတွက် အဓိကကျသည့် ဦးစားပေးမူဝါဒများအပေါ် ထောက်ခံတင်ပြချက်များ ပါဝင်သည့် လွှဲပြောင်းပေးအပ်ရေးစီမံချက် (Delivery Plan) တစ်ရပ်ကို ပြုစုပေးရန်၊ စီမံကိန်းရေရှည်တည်မြဲရေးအတွက် စီမံအုပ်ချုပ်ရေးမူနှင့် ကြုံတွေ့လာနိုင်ဖွယ်ရာ ရှိသည့် အန္တရာယ်အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ထုံးလုပ်နည်းများကို အကြံပြုရန် စသည့်အချက်များကို ရေးဆွဲနေကြောင်း သိရသည်။

“SEMP ကို ရေးဆွဲနိုင်ဖို့ Mckinsey ကုမ္ပဏီအနေနဲ့ ကျယ်ပြန့်တဲ့ သုတေသနပြုလုပ်မှုတွေ၊ စိစစ်ချက်တွေနဲ့ ဒီစီမံကိန်းကြီးတစ်ခုလုံးနဲ့ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်ပတ်သက်သူများအားလုံးနဲ့ တွေ့ဆုံပြီး တိုင်ပင် ဆွေးနွေးခဲ့ပါတယ်။ စီမံချက်ရေးဆွဲခြင်းကို ၂၀၁၈ ခုနှစ် ဇွန်လကုန်မှာ ပြီးဆုံးမှာဖြစ်ပြီး အများပြည်သူတွေ ဖတ်ရှုနိုင်ဖို့အတွက်လည်း အကျဉ်းချုပ်စာတမ်းတစ်စောင် ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်” ဟု ဦးသိမ်းဝေက ပြောကြားသည်။

 

 

Most Read

Most Recent