တရုတ်- မြန်မာ နယ်စပ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် မူဆယ်-ရွှေလီ နယ်စပ်တွင် စီးပွားရေးဇုန် စတင် တည်ထောင်မည်

တရုတ်- မြန်မာ နယ်စပ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် မူဆယ်-ရွှေလီ နယ်စပ်တွင် စီးပွားရေးဇုန် စတင် တည်ထောင်မည်
Published 24 May 2018

တရုတ်-မြန်မာ နယ်စပ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် မူဆယ်-ရွှေလီ နယ်စပ်တွင် စီးပွားရေးဇုန် စတင် တည်ထောင်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် မေ ၂၃ ရက်က ပြုလုပ်သော နိုင်ငံတော်အစိုးရ၏ ပြည်သူအတွက် ဒုတိယတစ်နှစ်တာ ဆောင်ရွက်မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နယ်စပ်က စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ၂၀၁၇ ခုနှစ် OBOR Forum သို့ သွားရောက်စဉ် နယ်စပ်စီးပွားရေးဇုန် ထူထောင်ရန် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ လက်မှတ်ရေးထိုးပြီးနောက် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများ ဆောင်ရွက်နေသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များကို သွားရောက် လေ့လာခဲ့ပြီးနောက် ဖြစ်နိုင်ခြေအရှိဆုံး၊ အဆင်ပြေဆုံးနေရာ ဖြစ်သည့် ရွှေလီ-မူဆယ် နယ်စပ်တွင် ဇုန်တည်ထောင်ရန် လျာထားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“လေ့လာတဲ့အခါမှာ နယ်စပ်တစ်လျှောက်မှာ ဘယ်နေရာတွေမှာ လုပ်ရင် အဆင်ပြေဆုံး ဖြစ်မလဲလို့ လိုက်ကြည့်တဲ့အခါမှာ အဲဒီ ငါးနေရာအနက် ပထမဆုံး ဖြစ်နိုင်ခြေ ရှိတာက ဟိုဘက်မှာ ရွှေလီ။ ဒီဘက်မှာ မူဆယ်ပေါ့။ အဲဒီပိုင်းမှာ လုပ်ဖို့ဆိုပြီး Tentatively လျာထားပါတယ်။ တစ်ဖက်ကလည်း ဒါကိုထူထောင်ဖို့အတွက် ဦးဆောင်ကော်မတီကို ဖွဲ့စည်းပြီး ဖြစ်ပါတယ်။ ဖွဲ့စည်းပြီး သူ့ရဲ့ပုံစံက ဘယ်လိုလုပ်မလဲဆိုရင် ရွှေလီဘက်ခြမ်းရယ် မြန်မာဘက်ခြမ်းရယ်မှာ ဒီဘော်ဒါနှစ်ခုကို ခွပြီး ကိုးဇုန်ဆိုပြီးတော့ ဇုန်လေးတစ်ခု ထောင်ပါ့မယ်”ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

“ပထမအဆင့်ကတော့ ကိုးဇုန်ပါ။ ကိုးဇုန်နဲ့ ပတ်သက်လို့ ကွင်းဆင်း လေ့လာတဲ့အခါမှာ ရွှေလီဘက်က ကျယ်ဂေါင်၊ ကျွန်တော်တို့ဘက်က ဟိုဆောင်။ အဲဒီနေရာမှာ ကျွန်တော်တို့ ကိုးဇုန် လုပ်လို့ရပါတယ်။ လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က ခြံစည်းရိုး ကာတာတို့ လုပ်မယ်ဆိုရင် ဒီနှစ်အတွင်း ပြီးသွားနိုင်ပါတယ်။ ဒါပေမဲ့ ဆက်စပ်ဇုန်တွေက နည်းနည်းလေး အချိန်ယူ ဆောင်ရွက်ရပါလိမ့်မယ်”ဟု ဦးအောင်ထူးက ဆိုသည်။

ကိုးဇုန်အနေဖြင့် တရုတ်နိုင်ငံဘက်အခြမ်းတွင် စက်မှုဇုန်ငါးခု ဆောင်ရွက်ထားကြောင်း၊ မြန်မာဘက်အခြမ်းတွင်လည်း အနည်းဆုံး စက်မှုဇုန်ငါးခုခန့် ထူထောင်ချင်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များကို EOI ခေါ်ယူထားကြောင်း၊ လုပ်ငန်းရှင်များ၏ တင်ပြချက်အပေါ် မူတည်ကာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent