ဘင်္ဂလားဒေ့ရှ်ဘက်မှ ဆောက်လုပ်ရေးပစ္စည်းများ နယ်နိမိတ်မျဉ်းအနီးရှိ အဆောက်အအုံ မဆောက်လုပ်ရန် တားမြစ်ဧရိယာသို့ သယ်ဆောင်မှု ရှိနေသဖြင့် နှစ်နိုင်ငံနယ်စပ် လုံခြုံရေးအပေါ် ဆိုးကျိုး သက်ရောက်စေနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား ခေါ်ယူအသိပေး

ဘင်္ဂလားဒေ့ရှ်ဘက်မှ ဆောက်လုပ်ရေးပစ္စည်းများ နယ်နိမိတ်မျဉ်းအနီးရှိ အဆောက်အအုံ မဆောက်လုပ်ရန် တားမြစ်ဧရိယာသို့ သယ်ဆောင်မှု ရှိနေသဖြင့် နှစ်နိုင်ငံနယ်စပ် လုံခြုံရေးအပေါ် ဆိုးကျိုး သက်ရောက်စေနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား ခေါ်ယူအသိပေး
Published 24 May 2018

ဘင်္ဂလားဒေ့ရှ်ဘက်မှ အုတ်များ၊ ဆောက်လုပ်ရေးပစ္စည်းများ နယ်နိမိတ်မျဉ်းအနီးရှိ အဆောက်အအုံ မဆောက်လုပ်ရန် တားမြစ်ထားသည့် ဧရိယာသို့ သယ်ဆောင်လာမှုများ ရှိနေသည့်အတွက် နှစ်နိုင်ငံနယ်စပ် လုံခြုံရေးအပေါ် ဆိုးကျိုး သက်ရောက်စေနိုင်ကြောင်းဟု ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား ခေါ်ယူအသိပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် မေ ၂၃ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၌ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury အား ခေါ်ယူတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင် အမှတ် (၃၄) နှင့် (၃၅) အကြား နယ်စပ် လုံခြုံရေးရာ ကိစ္စရပ်များအား ဆွေးနွေးကာ သတိထောက်လွှာကို ပေးအပ်သည့်ပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စုဝန်ကြီးက နယ်နိမိတ်မျဉ်း အနီးရှိ အဆောက်အအုံ မဆောက်လုပ်ရန် တားမြစ်ထားသည့် ဧရိယာအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘန်ကာများ ဆောက်လုပ်ထားမှုအပေါ် မြန်မာနိုင်ငံက ကန့်ကွက်ထားသည့်ကိစ္စအား ထပ်လောင်း ပြောကြားခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးက ဘင်္ဂလားဒေ့ရှ်ဘက်မှ အုတ်များ၊ ဆောက်လုပ်ရေး ပစ္စည်းများအား နယ်နိမိတ်မျဉ်းအနီးရှိ အဆောက်အအုံ မဆောက်လုပ်ရန် တားမြစ်ထားသည့် ဧရိယာသို့ သယ်ဆောင်လာနေမှုများ ရှိနေသည်ကို ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား ထောက်ပြခဲ့ပြီး ယင်းလုပ်ရပ်သည် နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးအပေါ် ဆိုးကျိုး သက်ရောက်မှုများ ဖြစ်ပေါ်လာစေနိုင်ကြောင်း ပြောကြားကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် ဆောက်လုပ်ထားသည့် ဘန်ကာများ ဖယ်ရှားပေးရေးနှင့် အခြား အဆောက်အအုံများ ဆောက်လုပ်မှုကို တားဆီးပေးရန် တောင်းဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာသွားရန် နှင့် နှစ်နိုင်ငံအကြား နားလည်မှု လွဲမှားစေမည့် လုပ်ရပ်များ လုပ်ဆောင်ခြင်းမှ တားဆီးပေးရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent