မောင်တောမြို့နယ် မြောက်ဖျားစွန်းဒေသ အောင်သပြေကျေးရွာနှင့် အခြားကျေးရွာအချို့သို့ ရောက်ရှိနေကြသော ဒုက္ခသည်များ စားဝတ်နေရေး အခက်အခဲဖြစ်နေ

မောင်တောမြို့နယ် မြောက်ဖျားစွန်းဒေသ အောင်သပြေကျေးရွာနှင့် အခြားကျေးရွာအချို့သို့ ရောက်ရှိနေကြသော ဒုက္ခသည်များ စားဝတ်နေရေး အခက်အခဲဖြစ်နေ
Published 24 May 2018

မောင်တောမြို့နယ် မြောက်ဖျားစွန်းဒေသ အောင်သပြေကျေးရွာနှင့် အခြားကျေးရွာအချို့သို့ ရောက်ရှိနေကြသော ဒုက္ခသည်များ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြောင်းနှင့် အစိုးရဘက်က ပံ့ပိုးမှု အားနည်းကြောင်း သိရသည်။

အဆိုပါ ဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ်မှ နေရပ်စွန့်ခွာ ထွက်ပြေးခိုလှုံ ရောက်ရှိလာကြသူများဖြစ်ပြီး မာရမာ၊ ရခိုင်နှင့် မြိုတိုင်းရင်းသား ပါဝင်ကြောင်း သိရသည်။ ၎င်းတို့သည် အောင်သပြေကျေးရွာ စာသင်ကျောင်းတွင် ယခင်က နေထိုင်ခွင့် ရရှိခဲ့သော်လည်း ယခုအခါတွင် ရွက်ဖျင်တဲများဖြင့် နေထိုင်ကြရသည့်အတွက် ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်ရသည့် အခြေအနေရှိနေကြောင်း သိရသည်။

“သူတို့က အခုနေထိုင်ရတာ အခက်အခဲ ရှိတယ်။ ဒီလောက် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုမှာ ရွက်ဖျင်တဲထိုးပြီး နေထိုင်ကြရတော့ အပူဒဏ်ကို မခံနိုင်အောင် ဖြစ်နေကြတယ်။ ဒါကြောင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတွေ ပေးထားဖို့လိုတယ်။ ကျန်းမာရေး ချို့တဲ့လာနိုင်ခြေ ရှိတယ်။ နောက်ပြီး အလုပ်အကိုင်လုပ်ဖို့ကလည်း မရှိဆိုတော့ စားသောက်ရေးအတွက် စိုးရိမ်ရတယ်။ အခု လောလောဆယ် စားဖို့အတွက်ကတော့ အဖွဲ့အစည်းတွေက ကူညီပေးထားကြတယ်။ အစိုးရပိုင်းက ကူညီတာကတော့ မြင်သာထင်သာ မရှိလှပါဘူး” ဟု အဆိုပါ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့သူ မောင်တောမြို့မှ ဦးစိန်လှဖြူက ပြောကြားသည်။

အောင်သပြေကျေးရွာတွင် လူဦးရေ ၉၀ ဝန်းကျင် ရောက်ရှိနေကြောင်းနှင့် သုပဏ္ဏကကျေးရွာ၊ သစ်တုံးနားခွဆုံ ကျေးရွာတို့တွင်လည်း ရောက်ရှိနေသူများ ရှိကြောင်း၊ သစ်တုံးနားခွဆုံကျေးရွာမှ ဟင်းရှာဟင်းခူးသွားသော အမျိုးသမီးတစ်ဦး မကြာသေးမီက အသတ်ခံခဲ့ရကြောင်း၊ ၎င်းတို့မှာ မတ်လ ပထမပတ်မှ စတင်ရောက်ရှိလာခြင်းဖြစ်ကာ ကျောင်းနေအရွယ် ကလေးငယ်များလည်း ပါဝင်သည့်အတွက် ကလေးငယ်များ ပညာသင်ကြားရေး အခက်အခဲရှိနေသည်။

Most Read

Most Recent