ပုဒ်မ ၃၇၆ အပါအဝင် ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသော အဆိုတော် အစ္စဏီအမှုမှ တရားလို မလာသဖြင့် နောက်ရုံးချိန်းသို့ ထပ်မံချိန်းဆို

ပုဒ်မ ၃၇၆ အပါအဝင် ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသော အဆိုတော် အစ္စဏီအမှုမှ တရားလို မလာသဖြင့် နောက်ရုံးချိန်းသို့ ထပ်မံချိန်းဆို
Published 24 May 2018

မော်ဒယ် အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်နှိပ်စက်မှုဖြင့် မုဒိမ်းမှုပုဒ်မ ၃၇၆ အပါအဝင် ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသော အဆိုတော် အစ္စဏီအမှုမှ တရားလိုဖြစ်သူအား မေ ၂၃ ရက်က တာမွေမြို့နယ် တရားရုံးတွင် စတင်စစ်ဆေးမည် ဖြစ်သော်လည်း တရားလို မလာသဖြင့် နောက်ရုံးချိန်းသို့ ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါအမှုမှ တရားလိုဖြစ်သူ မဇာခြည်ဌေးသည် မေ ၂၃ ရက် ရုံးချိန်းသို့ လာရောက်ခဲ့ခြင်း မရှိသောကြောင့် တာမွေမြို့နယ် တရားသူကြီးက ဇွန် ၁ ရက်သို့ ထပ်မံချိန်းဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ တရားလိုဖြစ်တဲ့ မဇာခြည်ဌေးက ခရီးလွန်နေလို့ဆိုပြီး ရုံးချိန်း မလာဖြစ်ဘူးဆိုတော့ မြို့နယ်တရားသူကြီးက နောက်ရုံးချိန်းကို ပြန်ချိန်းလိုက်တယ်။ လာမယ့် ဇွန် ၁ ရက်နေ့မှာ ပြန်စစ်မယ်။ ပြီးခဲ့တဲ့ ရုံးချိန်းမှာက တရားစဆွဲပြီး တရားလိုဘက် တရားလို အပါအဝင် တရားလိုပြ သက်သေ ၁၁ ဦးထိ ရုံးတော်ကို တင်သွင်းထားပါတယ်” ဟု အဆိုတော် အစ္စဏီဘက်မှ လိုက်ပါဆောင်ရွက်သူ ရှေ့နေတစ်ဦးက ပြောကြားသည်။

ထို့အပြင် အဆိုတော်အစ္စဏီကို ယခင်က တာမွေရဲစခန်းတွင် အမှုဖွင့်ခဲ့သည့် ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ပုဒ်မ ၃၂၄၊ ပုဒ်မ ၃၂၅ တို့အစား ပုဒ်မ ၃၇၆၊ ပုဒ်မ ၃၂၄၊ ပုဒ်မ ၃၂၃ တို့ဖြင့် တာမွေမြို့နယ် တရားရုံးတွင် ပြောင်းလဲ တရားစွဲဆိုခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁၀ ရက် ညပိုင်းက မော်ဒယ်အမျိုးသမီးသည် သူငယ်ချင်းများနှင့်အတူ ဆယ်လီအရက်ဘားသို့ ရောက်ရှိနေခဲ့ပြီး နံနက် ၂ နာရီကျော်ခန့်တွင် ရည်းစားဟောင်းဖြစ်သူ အဆိုတော်အစ္စဏီ (ခ) ဟန်ထွန်းဇော်က ဘားအတွင်းသို့ ဝင်ရောက်ကာ ပြဿနာ ရှာနေသောကြောင့် မော်ဒယ်အမျိုးသမီးမှာ ၎င်းနေထိုင်ရာ တိုက်ခန်းသို့ ကားငှားပြန်ခဲ့ပြီး အစ္စဏီမှ အဆိုပါကားနှင့်အတူ လိုက်ပါခဲ့ကြောင်း သိရသည်။

နေအိမ်အရောက်၌ အဆိုတော် အစ္စဏီက မော်ဒယ်အမျိုးသမီးအင်္ကျီအား အတင်းဆွဲချွတ်သဖြင့် ရုန်းကန်စဉ် ဦးခေါင်းနှင့် မှန်ဗီရိုတိုက်မိခဲ့ရာ ဦးခေါင်းနာကျင်ခဲ့သည့်အပြင် ခန္ဓာကိုယ်အား ဖျစ်ညှစ်ခြင်း၊ ယာလက်ညှိုး၊ လက်ခလယ် လက်သည်းခွံများကို လှန်ချိုးသဖြင့် နာကျင်၍ သတိမေ့နေစဉ် သားမယား နှစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ သတိပြန်ရလာစဉ် ပတ်ဝန်းကျင်အား အကူအညီတောင်းရန် ကြိုးစားခဲ့ရာ အစ္စဏီမှ ဗီရိုမှန်ကွဲစဖြင့် ခြစ်ခဲ့သဖြင့် ယာခြေထောက် ပြတ်ရှဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent