ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နိုင်သည့် မုန်တိုင်းသည် ယခုလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားနိုင်ဟု ဆို

ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နိုင်သည့် မုန်တိုင်းသည် ယခုလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားနိုင်ဟု ဆို
Published 24 May 2018

မေလဆန်းပိုင်းက ပေါက်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင်း အိမ်အချို့ ပြိုလဲနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- သက်ထိန်ဝင်း)

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းသည် ယခုလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ဦးတည် ရွေ့လျားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောသည်။

“လောလောဆယ်တော့ အာရေဗျပင်လယ်က မုန်တိုင်းက အားကောင်းနေလို့ ဒီဘက်မှာ အားကောင်းသင့်သလောက် မကောင်းသေးဘူး။ အဲဒီဘက်က မုန်တိုင်းက ကမ်းဖြတ်ပြီးသွားရင် ဘင်္ဂလားပင်လယ်ဘက်မှာ အားကောင်းလာနိုင်တယ်။ ဖြစ်ပြီးသွားရင် ၂၈၊ ၂၉ ပတ်ဝန်းကျင်လောက်မှာ မြန်မာနိုင်ငံဘက်ကို ဦးတည်လာနိုင်တယ်။ ဒီဟာလေးကို သတိပြုဖို့လိုတယ်။ ရခိုင်နဲ့ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသတွေ သတိပြုဖို့လိုတယ်။ လောလောဆယ်တော့ သင်္ချာပုံစံ တွက်ချက်မှုတွေက နေ့စဉ်နဲ့အမျှတော့ ပြောင်းလဲနေတယ်။ အစက ၃၀ ပတ်ဝန်းကျင်လောက်မှ ဝင်မှာ အခုဆိုရင် ၂၈၊ ၂၉ လောက်မှာ ဝင်မယ်ဆိုပြီး ပြတယ်။ မနေ့ကဆိုရင် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်တဲ့ အနေအထားပေါ့။ ဒီနေ့ တွက်ထုတ်တဲ့ အနေအထားအရတော့ သိပ်ပြီးတော့ အားမကောင်းသေးဘူး။ လေဖိအားနည်းရပ်ဝန်း ဖြစ်လာပြီ ဆိုရင်တော့ သတိပြုဖို့လိုတယ်။ မြန်မာနိုင်ငံဘက်ကို ဦးတည်နေတယ်။ လေဖိအားနည်းရပ်ဝန်း မဖြစ်သေးတဲ့အတွက် လေဖိအားနည်းရပ်ဝန်းဖြစ် မဖြစ် မုန်တိုင်းဖြစ် မဖြစ်ကိုလည်း စောင့်ကြည့်ဖို့ လိုတယ်” ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောသည်။

ယခုလကုန်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းဖြစ်ပွားခဲ့ပါက ယင်းမုန်တိုင်းနှင့်အတူ မုတ်သုံလေ ဝင်ရောက်လာမည် ဖြစ်ကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မေ ၁၆ ရက်တွင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ မုတ်သုံ ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းခဲ့သော်လည်း လက်ရှိအချိန်ထိ မုတ်သုံလေ ဝင်ရောက်သေးခြင်း မရှိသေးကြောင်း သိရသည်။

ယခုနှစ် မိုးရာသီကာလအတွင်း မိုးရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းလေးကြိမ် ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းများကြောင့် ရေကြီးရေလျှံခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများကို သတိပြုရန် လိုအပ်ကြောင်း ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

ဧပြီနှင့် မေလတွင် ဖြစ်သည့် မုန်တိုင်းများသည် မြန်မာနိုင်ငံသို့ ဝင်ရောက်မှုများခဲ့ကြောင်း၊ မုန်တိုင်းတစ်ခု ဖြစ်ခဲ့သည်ဆိုပါက မိုးလေဝသသတင်းကို စောင့်ကြည့် နားထောင်သင့်ကြောင်း၊ မုန်တိုင်းဘေးဒဏ် သင့်နိုင်သည့် နေရာအဖြစ်ဖော်ပြပါက မုန်တိုင်းမဖြစ်ခင် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သင့်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့များ၏ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်သင့်ကြောင်း သိရသည်။

မိုးကြိုကာလအတွင်း မုန်တိုင်းတစ်ကြိမ်မှ နှစ်ကြိမ်ခန့် ဖြစ်ပွားလေ့ရှိပြီး မုန်တိုင်းများ၏ ၄၄ ရာခိုင်နှုန်းဝန်းကျင်သည် မြန်မာနိုင်ငံကို ဝင်ရောက်လေ့ ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာနိုင်ငံသည် မုန်တိုင်းသက်ရောက်မှုများကို ကြုံတွေ့ခဲ့ရကာ ၂၀၀၆ ခုနှစ်တွင် မာလာမုန်တိုင်း၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ်မုန်တိုင်း၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂျ်လီမုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ဂီရိမုန်တိုင်းတို့ အသီးသီး သက်ရောက်ခဲ့ပြီး မေ ၂ ရက်နှင့် ၃ ရက်က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းမှာ မြန်မာနိုင်ငံ၏ သမိုင်းတွင် အဆိုးရွားဆုံး ပျက်စီးမှုများကို ရင်ဆိုင်ခဲ့ရသည့် မုန်တိုင်းလည်း ဖြစ်သည်။ ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပွားသော မုန်တိုင်းများ၏ ခြောက်ရာခိုင်နှုန်းသည် မြန်မာနိုင်ငံသို့ ဖြတ်ကျော်ခဲ့သည်။

မုန်တိုင်းသက်ရောက်မှုများကို သတိပြုရသော ဒေသများသည် ရခိုင်ပြည်နယ် တည်ရှိသည့် ရခိုင်ကမ်းရိုးတန်းဒေသ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့ ပါဝင်သည့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသတို့ ဖြစ်သည်။

မြန်မာနိုင်ငံတွင် မုန်တိုင်းကို သတိပြုရသည့် ကာလတို့သည် မိုးကြိုကာလဖြစ်သော ဧပြီနှင့် မေ၊ မိုးလွန်ကာဖြစ်သော အောက်တိုဘာနှင့် နိုဝင်ဘာလတို့ ဖြစ်သည်။

Most Read

Most Recent