မီဒီယာများ အနေဖြင့် ဌာနဆိုင်ရာများမှ လိုအပ်သော အချက်အလက်များ တောင်းခံလာလျှင် အဆင်ပြေစွာ ထုတ်ပေးနိုင်ရေး အစိုးရအဖွဲ့က ညွှန်ကြားထားဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ပြောကြား

မီဒီယာများ အနေဖြင့် ဌာနဆိုင်ရာများမှ လိုအပ်သော အချက်အလက်များ တောင်းခံလာလျှင် အဆင်ပြေစွာ ထုတ်ပေးနိုင်ရေး အစိုးရအဖွဲ့က ညွှန်ကြားထားဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ပြောကြား
Published 24 May 2018

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဒုတိယသက်တမ်း တစ်နှစ်တာ ဆောင်ရွက်ခဲ့သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ သတင်းစာရှင်းလင်းပွဲကို မေ ၂၅ ရက်တွင် တောင်ကြီးမြို့တော်ခန်းမ၌ ကျင်းပစဉ်

ရှမ်းပြည်နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာ ၃၀ ကျော်ထံမှ ဌာနဆိုင်ရာ လုပ်ဆောင်ချက်များ သိရှိလိုပါက မီဒီယာများအနေဖြင့် လိုအပ်သော အချက်အလက်များ တောင်းခံလာလျှင် အဆင်ပြေစွာ ထုတ်ပေးနိုင်ရန် အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက ပြောကြားသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဒုတိယသက်တမ်း တစ်နှစ်တာ ဆောင်ရွက်ခဲ့သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများကို သတင်းစာရှင်းလင်းပွဲကို မေ ၂၅ ရက်တွင် တောင်ကြီးမြို့တော်ခန်းမတွင် ကျင်းပနိုင်ရန်အတွက် မီဒီယာများနှင့် ကြိုတင် တွေ့ဆုံရှင်းလင်းပွဲကို မေ ၂၃ ရက်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ ပြုလုပ်စဉ် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျန်ရှိတဲ့ အပိုင်းများကို အဖွင့်မှာ ပြောကြားထားသလို သက်ဆိုင်ရာဌာန အသီးသီးရှိ ပြည်နယ်မှူးများကို ပြောကြားထားပြီး ဖြစ်ပါတယ်။ မီဒီယာများ အနေဖြင့် ကိန်းဂဏန်း အချက်အလက် တိတိကျကျ သိလိုပါက သက်ဆိုင်ရာ ဌာနဆိုင်ရာများထံ သွားရောက်ပြီး သတင်းရယူနိုင်ပါတယ် ဆိုတဲ့အကြောင်း ပြောကြားလိုပါတယ်။ ကိန်းဂဏန်း တိတိကျကျ သိချင်ပါတယ်ဆိုရင် Final Press Conference မှာမေးဖို့ အဆင်မပြေဘူးဆိုရင်လည်း သက်ဆိုင်ရာ ပြည်နယ်မှူးတွေကိုလည်း ညွှန်ကြားချက် ထုတ်ထားပါတယ်။ ဘယ်ဌာနရဲ့ တစ်နှစ်တာ ဆောင်ရွက်ချက်တွေကို ကိန်းဂဏန်းအရ သိချင်ပါတယ်ဆိုရင် ကျွန်တော့် ပြည်နယ်မှူးများ အားလုံးကို ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခြင်း ဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောကြားသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် မေ၂၃ ရက် မွန်းလွဲ ၁ နာရီက ကျင်းပသော အစိုးရ ဒုတိယတစ်နှစ်၏ တစ်နှစ်တာ ဆောင်ရွက်ချက်များ ကြိုတင်တွေ့ဆုံပွဲတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအတွက် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဆောင်ရွက်ချက် အကျဉ်းချုပ်ကိုဖတ်ကြား၍ လည်းကောင်း၊ ရှမ်းပြည်နယ်အဆင့် လမ်းဦးစီးဌာန၊ အိုးအိမ်ဌာန၊ စည်ပင်သာယာရေးဌာန၊ စက်မှုကြီးကြပ်ဦးစီးဌာန၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် မြေစာရင်းဌာနတို့က တစ်နှစ်တာ ဆောင်ရွက်ချက် အကျဉ်းချုပ်များကို ရှင်းလင်း တင်ပြကြပြီး လျှပ်စစ်ဌာနက စာရင်းပြုစုမှု မပြီးစီးသေးသဖြင့် တင်ပြနိုင်ခြင်းမရှိဘဲ တရားရေးစီရင်ရေးမှ တာဝန်ရှိသူများ တက်ရောက်နိုင်ခြင်း မရှိကြောင်း သိရသည်။

အဆိုပါ ဌာနဆိုင်ရာများ၏ တင်ပြချက်များထဲမှ သတင်းမီဒီယာများ အနေဖြင့် ကြိုတင်မေးခွန်းများ ပြင်ဆင်နိုင်ရန်အတွက် ထိုသို့ ကြိုတင်တွေ့ဆုံပွဲ ပြုလုပ်ရခြင်းဖြစ်ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အချိန်ကာလကို ချုံ့သောအားဖြင့် ယခုလိုတွေ့ဆုံခြင်း ဖြစ်ကြောင်း၊ သတင်းမီဒီယာတစ်ဖွဲ့လျှင် မေးခွန်းသုံးခုစာ သတ်မှတ်ပေးမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent