လက်ရှိမြေယာဥပဒေတို့ကို ဖျက်သိမ်း၍ ဖက်ဒရယ်မြေယာ ဥပဒေသစ်တစ်ရပ် ဦးစွာရေးဆွဲရန် ဒို့မြေကွန်ရက် သဘောထားထုတ်ပြန်

လက်ရှိမြေယာဥပဒေတို့ကို ဖျက်သိမ်း၍ ဖက်ဒရယ်မြေယာ ဥပဒေသစ်တစ်ရပ် ဦးစွာရေးဆွဲရန် ဒို့မြေကွန်ရက် သဘောထားထုတ်ပြန်
Published 24 May 2018

လယ်ယာမြေဥပဒေများနှင့်ပတ်သက်၍ ဒို့မြေကွန်ရက်မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်

လက်ရှိ မြေယာဥပဒေများကို ဖျက်သိမ်း၍ ဖက်ဒရယ်မြေယာဥပဒေသစ်တစ်ရပ် ဦးစွာရေးဆွဲရန် ဒို့မြေကွန်ရက်က မေ၂၃ ရက် မွန်း လွဲ၂ နာရီက ရန်ကုန်မြို့ရှိ Orchid ဟိုတယ်တွင် သတင်းစာရှင်းလင်း၍ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

၂၀၁၂ မြေလွတ်မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲမှုဥပဒေနှင့် ယင်းကို ပြန်လည်ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇)၊ ၂၀၁၂ လယ်ယာမြေဥပဒေနှင့် ယင်းကိုပြန်လည် ပြင်ဆင်သည့် လယ်ယာမြေဥပဒေကြမ်း (၂၀၁၇)နှင့် ၂၀၁၇ မြေသိမ်းဥပဒေကြမ်းများကို ဖျက်သိမ်း၍ တောင်သူလယ်သမားများ၊ ဒေသခံဌာနေ တိုင်းရင်းသားပြည်သူလူထုများ၏ မြေယာအခွင့်အရေးများကို အပြည့်အ၀ ဦးစားပေးပြီး မူရင်းဌာနေ တိုင်းရင်းသားများ၏ မိရိုးဖလာ မြေယာပိုင်ဆိုင်မှုစီမံခန့်ခွဲမှုနှင့် မိရိုးဖလာမြေယာ နယ်နိမိတ်သမိုင်းကြောင်းအမှန် ဖော်ထုတ်ခြင်းကို အားပေးလုပ်ဆောင်ရန်၊ အသိအမှတ်ပြုပေးရန် စသည်တို့ကိုထည့်သွင်း ရေးဆွဲထားသည့် ဖက်ဒရယ်မြေယာဥပဒေသစ်တစ်ရပ် ဦးစွာရေးဆွဲရန်လိုအပ်ကြောင်း ဒို့မြေကွန်ရက်က သဘောထားထုတ်ပြန်သည်။

“ဥပဒေတစ်ခုလုံးကိုခြုံကြည့်ရင် အဓိကပြဿနာအကြီးဆုံးဖြစ်နိုင်တဲ့ မြေလွတ်မြေ ရိုင်းကို လုံးဝပယ်ဖျက်ဖို့တောင်းဆိုတယ်။ ကျွန်တော်တို့နိုင်ငံမှာ မြေလွတ်မြေရိုင်းဆိုတာ လုံးဝမရှိပါဘူး။ မြေရိုင်းရှိသော်လည်းပဲ အဲဒီမြေရိုင်းသည် မြေလွတ်မြေလပ် မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံနဲ့ လုံးဝကိုက်ညီမှု မရှိပါဘူး။ မြေသိမ်းဥပဒေသည် နိုင်ငံတစ်နိုင်ငံမှာ ရှိရမည်ဖြစ်သော်လည်းပဲ မြေသိမ်းဥပဒေရဲ့ရည်ရွယ်ချက်က လူထုတွေကို မြေသိမ်းတဲ့အချိန်မှာအကာအကွယ်ပေးဖို့ ရေးဆွဲပြဋ္ဌာန်းပေးတဲ့ ဥပဒေတစ်ခု ဖြစ်ရပါတယ်” ဟု ဒို့မြေကွန်ရက်မှ စောအဲလက်စ်က ပြောကြားသည်။

လက်ရှိဖြစ်ပေါ်နေသော မြေယာပြဿနာများကို ဖြေရှင်းရန်အတွက် မြေယာဆိုင်ရာ ဥပဒေများကို ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ရေးဆွဲခြင်း၊ ဖျက်သိမ်းခြင်းများ ပြုလုပ်ရန်အတွက် အမှန်တကယ်လိုအပ်ကြောင်း အစိုးရက ယခုပြင်ဆင်ရေးဆွဲနေသည့် မြေယာဆိုင်ရာဥပဒေများမှာ ပြဿနာအရင်းအမြစ်များကို ဖြေရှင်းနိုင်ခြင်းမရှိသည့်အပြင် ပိုမိုရှုပ်ထွေးစေနိုင်ပြီး ဒေသခံ၊ ဌာနေတိုင်းရင်းသား ပြည်သူများ ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်ခဲ့သည့် မြေများကို အချိန်မရွေးသိမ်းယူနိုင်ရန် ပုံဖော်သည့်ဥပဒေများဖြစ်နေကြောင်း၊ တည်ဆဲပြင်ဆင်၊ အသစ်ရေးဆွဲလျက်ရှိသည့်မြေ နှင့် သက်ဆိုင်သောဥပဒေများသည် ဒီမိုကရေစီ စံချိန်စံညွှန်းများ၊ ဒေသခံဌာနေတိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပါဝင်သည့် ဥပဒေပြုရေးစံနှုန်းများ နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့် လုံးဝကိုက်ညီမှုမရှိဘဲ ဥပဒေတစ်ခုရေးဆွဲရာ၌ လိုအပ်သည့် မူဝါဒ / မူဘောင်များကို လုံးဝအခြေခံထားခြင်းမရှိသည်ကို သုံးသပ်တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

ယင်းသဘောထားထုတ်ပြန်ချက်ကို ပြည်နယ်နှင့်တိုင်းများရှိ ဒေသခံမြေယာအရေး လှုပ်ရှားသည့် အရပ်ဘက်အဖွဲ့အစည်း ၄၉၃ ဖွဲ့၏  သဘောတူညီချက်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent