ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ဗလဗကျေးရွာမှ နေအိမ်အချို့ ဧရာဝတီမြစ်ကမ်းပြိုမှု အန္တရာယ်ကြောင့် ရွှေ့ပြောင်းမှု ပြုလုပ်နေ

ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ဗလဗကျေးရွာမှ နေအိမ်အချို့ ဧရာဝတီမြစ်ကမ်းပြိုမှု အန္တရာယ်ကြောင့် ရွှေ့ပြောင်းမှု ပြုလုပ်နေ
Published 24 May 2018

ဗလဗကျေးရွာအနီး မြစ်ကမ်းပါးပြိုကျမှု သက်သာစေရန် လုပ်ဆောင်ထားသည့်စတီးကေဘယ်ကြိုး ပိုက်တန်းများအား တွေ့ရစဉ်

ပခုက္ကူခရိုင် ရေစကြိုမြို့နယ်အတွင်းရှိ ဗလဗကျေးရွာမှ နေအိမ်အချို့ ဧရာဝတီမြစ်ကမ်းနှင့် နီးကပ်နေသည့်အတွက် ကမ်းပြိုမှု အန္တရာယ်ကြောင့် ယခုမေလနောက်ဆုံးပတ်မှစ၍ ရွှေ့ပြောင်းမှုပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယခုမေလလယ်မှစ၍ ဧရာဝတီမြစ်ရေ အတက်အကျဖြစ်ပေါ်နေသည့်အတွက် ကျေးရွာမြောက်ဘက်ခြမ်းတွင် ကမ်းပြိုမှု စတင်ဖြစ်ပေါ်လာခြင်းကြောင့် ကမ်းပါးနှင့်နေအိမ်သုံး လုံးအား မေ ၂၁ ရက်မှစ၍ ရွှေ့ပြောင်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

“ရေက တက်လိုက်ကျလိုက်ဖြစ်နေတော့ ကမ်းက စပြိုပြီ။ စိုးရိမ်တဲ့အိမ်တွေကတော့ ဖျက်ပြီးပြောင်းကြတယ်။ တကယ်ရေများလာလို့ ကမ်းအပြိုများလာရင် ဖျက်ရသယ်ရ တာမလွယ်လို့ ကြိုဖျက်ကြတာပေါ့။ ဦးထွန်းဟန် အိမ်ရယ် ၊ ဦးကျော်လှိုင် အိမ်ရယ် နောက် ဒေါ်တင်ထွေးအိမ်ရယ်သုံးလုံး စပြောင်းပြီ။ ခုနေပြောင်းထားကြတော့ ရေတက်ရေဝင်ချိန် မှာ ဒုက္ခမများတာပေါ့။ အေးအေးဖျက်ပြောင်းရတော့ အပျက်အစီးလည်း နည်းတယ်။ အနေအထားအရ ကမ်းပြိုတာနဲ့လွတ်နိုင်ခြေနည်းတဲ့ အိမ်တွေပါ။ ရေတကယ်များလာလို့ ကမ်းပြိုရင်တော့ ပြောင်းရတဲ့သူထပ်တိုးနိုင်တယ်” ဟု ရေစကြိုမြို့နယ် ဗလဗကျေးရွာဒေသခံတစ်ဦးက ပြောကြားသည်။

ရေစကြိုမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ဗလဗကျေးရွာကမ်းပြိုမှု သက်သာရေးအတွက် ရေလမ်းကြောင်းပြောင်းလဲစေရန် မြစ်လယ်ရှိ သဲသောင်အား ဖယ်ရှား၍ ရေလမ်းကြောင်းသစ်လုပ်ဆောင်နေပြီး လုပ်ငန်းအောင်မြင်ရန် ငွေကြေးအခက်အခဲများရှိကြောင်း သိရသည်။

ရေလမ်းကြောင်း ပြောင်းလဲစီးဆင်းစေ ရန်တူးဖော်ရမည့် သဲသောင်ပြင်မှာ ကြီးမား ကျယ်ပြန့်သည့်အတွက် ပုဂ္ဂလိကအလှူရှင် များမှ လှူဒါန်းသည့် ကျပ် ၁၂၇ သိန်းဖြင့် လုံ လောက်အောင် မဆောင်ရွက်နိုင်ခြင်းကြောင့် ကမ်းပြိုမှုအား အပြည့်အဝတားဆီးနိုင်ရန် မလွယ်ကူကြောင်း သိရသည်။

“မြစ် /ချောင်းဖြိုးကနေ သောင်တူးစက် ဘတ်ဟိုးအကူအညီပေးတယ်။ လိုအပ်တဲ့ ဒီဇယ်အတွက် ထိုင်းနိုင်ငံ ဓမိကရာမ ဖောင်ဒေးရှင်အဖွဲ့ကနေ ၁၂၇ သိန်းလှူဒါန်းထားပါတယ်။ အဲဒီငွေနဲ့သောင်တူးတဲ့ လုပ်ငန်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ၁၂၇ သိန်းနဲ့ လုပ်ငန်းဘယ်လောက်မှပြီးမှာ မဟုတ်ဘူး။ ရွာနဲ့ ရှေးဟောင်းစေတီက ဒီနှစ်မြစ်ရေတက်မှာ တောင့်ခံနိုင်ဖို့ဆိုရင် ငွေလိုအပ်ပါတယ်။ ဝိုင်းဝန်းကူညီကြဖို့ တောင်းဆိုပါတယ်” ဟု ဗလဗ ကျေးရွာမှ ဦးအေးမောင်ထွန်းက ဆိုသည်။

ဗလဗကျေးရွာ ကမ်းပြိုမှုသက်သာစေရေးအတွက် တိုင်းဒေသကြီးရေအရင်းအမြစ် နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက စတီးကေဘယ်ကြိုးပိုက်တန်းများအား လုပ်ဆောင်ပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မြစ်ရေတက်နှင့် ရေကျကာလများတွင် မြစ်ရေတိုက်စားမှုကြောင့် ဗလဗကျေးရွာမှာ နေအိမ် ၆၈ လုံး ရွှေ့ပြောင်းရသည့်အပြင် စိုက်ပျိုးမြေဧက ၇၀၀ ကျော် ပြိုကျပျက်စီးခဲ့ပြီး ကျန်နေအိမ်များမှာလည်း မြစ်ကမ်းနှင့် နီးကပ်လျက်ရှိကြောင်း သိရသည်။

ကမ်းပြိုမှုကြောင့် စိုက်ပျိုးမြေဧက ၇၀၀ ခန့်ဆုံးရှုံးခဲ့သည့်အပြင် ဖျက်သိမ်းရသည့် အိမ်များမှာလည်း စိုက်ပျိုးမြေများအား ဝယ်ယူတည်ဆောက်ရပြီး ယခုနှစ်တွင် ဗလဗ ကျေးရွာမှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရန် မြေအများအပြားလျော့နည်းသွားကြောင်း သိရသည်။

Most Read

Most Recent