နွေကာလ ဥစားကြက်ဥနှုန်း ကျဆင်းမှုကြောင့် ဥစားကြက်ခြံပိုင်ရှင်များ တွက်ခြေကိုက်မှုနည်းပါး

နွေကာလ ဥစားကြက်ဥနှုန်း ကျဆင်းမှုကြောင့် ဥစားကြက်ခြံပိုင်ရှင်များ တွက်ခြေကိုက်မှုနည်းပါး
Published 24 May 2018

သရက်ခရိုင်အတွင်းရှိ ကြက်မွေးမြူရေး ခြံတစ်ခြံကို တွေ့ရစဉ်

မကွေးတိုင်းဒေသကြီး သရက်ခရိုင်အတွင်းရှိ မြို့နယ်များ၌ ဥစားကြက်ခြံများ ရာသီဥတုပူပြင်းလာမှုကြောင့် ကြက်ဥနှုန်းကျဆင်းလာသဖြင့် ကြက်ခြံပိုင်ရှင်များ တွက်ခြေကိုက် မှုနည်းပါးလာကြောင်း သိရသည်။

ယခင်မိုးရာသီနှင့် ဆောင်းရာသီများ၌ ဥစားကြက် အကောင် ၁၀၀၀ လျှင် တစ်နေ့ပျမ်းမျှဥအလုံး ၉၀၀ ခန့်အထိ ဥနိုင်သော်လည်း နွေကာလရာသီဥတုပူပြင်းမှုကြောင့် ကြက်အကောင်ရေတစ်ထောင်လျှင် တစ်နေ့ပျမ်းမျှ ကြက်ဥ ၆၀၀ ကျော်ခန့်အထိ ဥနှုန်းကျဆင်းလာမှုကြောင့် ယခင်ကာလများကထက် တွက်ခြေကိုက်မှုနည်းပါးလာကြောင်း ကြက်ခြံပိုင်ရှင်များက ပြောကြားသည်။

“ကြက်အကောင် ၁၀၀၀ ကို ဆောင်းတွင်းမိုးတွင်းတို့မှာဆိုရင် တစ်နေ့အလုံး ၉၀၀ လောက်အထိ ဥနှုန်းရှိတယ်။ အခုနွေကာလမှာဆိုရင် ကြက် ၁၀၀၀ ကို တစ်နေ့အလုံးရေ ၆၀၀ ကျော်လောက်ပဲ ဥနှုန်းရှိတယ်။ ဥနှုန်းကျ တယ်ဆိုပေမဲ့ ကြက်ဥဈေးလေး တက်လာတော့ ခံသာသေးတယ်ပေါ့။ ကြက်ဥဈေးတက်လာတာလည်း ဥထွက်နှုန်းကျလာလို့ပေါ့။ အခုနောက်ပိုင်း ကြက်စာဈေးလေးလည်း တက်လာတယ်။ အလုပ်ကတော့ မှေးလုပ်နေရတာပေါ့။ ဆောင်းတို့ မိုးတို့တုန်းကဆိုရင် ကြက်အကောင်ရေ ၁၀၀၀ ရှိရင်။ တစ်နေ့ကိုယ့်အတွက် ငွေ ၂၀၀၀၀ လောက်တော့ ကျန်တယ်။ အခုရာသီကတော့ ၁၀၀၀၀ တောင် မကျန်ချင်ဘူး” ဟု အောင်လံမြို့မှ ကြက်ခြံပိုင် ရှင်ဒေါ်ကြင်သိန်းက ပြောကြားသည်။

ပြီးခဲ့သည့်ကာလက ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသတင်းများကြောင့် ဥစားကြက်ခြံပိုင်ရှင်များ ကြက်ဥမရောင်းရသဖြင့် တချို့ကြက်ခြံများတွင် ကြက်ဥများပုပ်သွားသည်အထိ ထားရှိခဲ့ရပြီး အရှုံးပေါ်ခဲ့ရကြောင်း ဆင်ပေါင်ဝဲမြို့နယ်ရှိ ကြက်ခြံပိုင်ရှင်တစ်ဦးက ဆိုသည်။

လက်ရှိဈေးကွက်အတွင်း ကြက်ဥအသေးအကြီး အရွယ်အစားပေါ်မူတည်ပြီး ကြက်ဥတစ်လုံးလျှင် အနည်းဆုံး ၁၀၀ မှအများဆုံး ၁၂၀ ခန့်အထိ ပေါက်ဈေးရှိနေပြီး ယခင်ကာလကြက်ဥတစ်လုံးလျှင် ကျပ် ၈၀ ခန့်အထိ အများဆုံးဈေးရှိခဲ့ကြောင်း သိရသည်။