ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အမျိုးသားအား ဓားဖြင့်ထိုးသတ်ခဲ့သူကို အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၂၃ နှစ် ချမှတ်

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အမျိုးသားအား ဓားဖြင့်ထိုးသတ်ခဲ့သူကို အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၂၃ နှစ် ချမှတ်
Published 24 May 2018

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ချိန်းတွေ့နေသည့် စုံတွဲတစ်တွဲမှ အမျိုးသားအား ဓားဖြင့်ထိုးသတ်ခဲ့သူကို ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံရသည့် အမျိုးသားမှာ ရဲမင်းဌေး (၂၅ နှစ်) ဖြစ်ပြီး ၎င်းအား အရှေ့ပိုင်းခရိုင်တရားရုံး၊ ဒုခရိုင် တရားသူကြီး ၂ မှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲမင်းဌေး (၂၅ နှစ်) အား ရာဇသတ်ကြီးပုဒ်မ-၃၀၂(၂)အရ ထောင်ဒဏ် နှစ် ၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၂၄ အရ ထောင်ဒဏ်သုံးနှစ်အား သီးခြားကျခံစေရန် မေ ၂၁ ရက်က အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအား ရာဇသတ်ကြီးပုဒ်မ-၃၀၂/ ၃၂၄/ ၃၉၂ ဖြင့် တရားစွဲဆိုပြီး အမှုအား စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၀ ရက် တွင် ဒဂုံဆိပ်ကမ်းမြို့ နယ် (၉၂) ရပ်ကွက်တွင် လူတစ်ဦး ဓားထိုးခံရကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာရဲ တပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေရာတွင် အမျိုးသားတစ်ဦးမှာ ရင်ညွန့်ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းရာ သေဆုံးသူမှာ  ကမ်းဂင်မုန် (ခ) မုန်ပီး ဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ ၎င်း၏ ချစ်သူဖြစ်သူ  မ.... နှင့် အခင်းဖြစ်ပွားရာနေရာ၌ ချိန်းတွေ့ နေစဉ် လူငယ်နှစ်ဦးရောက်ရှိလာပြီး ကမ်းဂင်မုန်းအား ဓားဖြင့်ထိုးသတ်ကာ မ....အား နာကျင်ဒဏ်ရာများရရှိအောင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ဓားဖြင့်ထိုးသူ လူငယ်နှစ်ဦးအနက် ရဲမင်းဌေး (၂၅ နှစ်) အား ဖမ်းဆီးရမိထားပြီး အခြားအမျိုးသားတစ်ဦးအား လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါအမှုမှာ အမှုစတင်ဖြစ်ပွားပြီး ကိုးလခန့်အကြာတွင် ယင်းကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent