ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်အမှုတွင် ရဲမှုခင်းတပ်ဖွဲ့ နည်းပညာမှုခင်းဌာနမှ ရဲမှူးက သတင်းထောက်နှစ်ဦး၏ ဖုန်းအတွင်းမှ တွေ့ရှိချက်များကို စာရွက်စာတမ်း ၂၁ စောင်ဖြင့် သက်သေခံတင်သွင်းမှု တရားရုံးလက်ခံ

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်အမှုတွင် ရဲမှုခင်းတပ်ဖွဲ့ နည်းပညာမှုခင်းဌာနမှ ရဲမှူးက သတင်းထောက်နှစ်ဦး၏ ဖုန်းအတွင်းမှ တွေ့ရှိချက်များကို စာရွက်စာတမ်း ၂၁ စောင်ဖြင့် သက်သေခံတင်သွင်းမှု တရားရုံးလက်ခံ
Published 24 May 2018

ရုံးတော်သို့ သက်သေလာရောက်ထွက်ဆိုသည့် နည်းပညာမှုခင်းဌာနမှ ရဲမှူးအောင်ကျော်ဆန်းအား တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး၏  အကြိမ် (၂၀)  မြောက် ရုံးချိန်းအဖြစ် မေ ၂၂ ရက်က မြောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး နေပြည်တော်ရှိ ရဲမှုခင်းတပ်ဖွဲ့  နည်းပညာမှုခင်းဌာနမှ ရဲမှူး အောင်ကျော်ဆန်းအား တရားလိုပြသက်သေအဖြစ် ဒုတိယနေ့ ဆက်လက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါရုံးချိန်းတွင် နည်းပညာမှုခင်းဌာနမှ ရဲမှူးအောင်ကျော်ဆန်းက သတင်းထောက်နှစ်ဦး၏ ဖုန်းအတွင်းမှ တွေ့ရှိချက်များကို စာရွက်စာတမ်း ၂၁ စောင်ဖြင့် သက်သေခံတင်သွင်းခဲ့ရာ ရုံးတော်မှ လက်ခံခဲ့ကြောင်း သိရသည်။

မြန်မာသတင်းထောက်နှစ်ဦး၏ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “အိုင်တီကျွမ်းကျင်ပညာရှင်ကို ခေါ်ပြီးတော့မှ သူတို့တင်ထားတဲ့ စာရွက်စာတမ်းတွေ မူလစွဲ မဟုတ်ဘူးပေါ့ဗျာ။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ဖုန်းထဲက ထုတ်ယူတယ်ဆိုတဲ့ စာရွက်စာတမ်းတွေ ၂၁ စောင်တင်တယ်။ ရုံးကို မိတ္တူတွေ ပေးတယ်။ အဲဒီမိတ္တူတွေကို သက်သေခံသွင်းဖို့ ကျွမ်းကျင်ပညာရှင်က ပထမနေ့မှာ သွင်းတာကို ကျွန်တော်တို့က ကန့်ကွက်တယ်။ ဒီကနေ့မှာတော့ ဒီပုဂ္ဂိုလ်ကနေပြီးတော့ ဖုန်းကိုဖွင့်ပြီးတော့ ဖုန်းထဲက စာရွက်စာတမ်းနဲ့ အပြင်မှာသူတို့ထုတ်ထားတဲ့ စာရွက်စာတမ်းတွေကို တိုက်ပြပြီး သက်သေခံသွင်းတယ်။ ကျွန်တော်တို့က ဆရာဦးသန်းဇော်အောင်က ကန့်ကွက်တယ်။ ဘာကြောင့်လဲဆိုတော့ ထုတ်ယူခြင်းမှတ်တမ်းကို သူတို့တင်တယ်။ တင်ပေမဲ့လို့ အဲဒီထုတ်ယူခြင်းမှတ်တမ်းမှာ  မပြည့်စုံဘူးဆိုပြီး ဆရာဦးသန်းဇော်အောင်က ကန့်ကွက်တယ်။ ဒီဖုန်းတွေကို ဘယ်အချိန်က ဘယ်သူ့လက်ထဲမှာ ဘယ်လိုထိန်းသိမ်းတယ်။ ထုတ်ယူခြင်း မှတ်တမ်းပဲပါတယ်။ သူ့မှာပါရမယ့် ဟာတစ်ခုရှိတယ်။ အဲဒီဟာက ဖုန်းတွေကို ထိန်းသိမ်းထားတဲ့ အစဉ်အဆက်ကွင်းဆက်ကြီး Report လုပ်ရမယ်။  အဲဒီ Report မပါဘူး။ မပါတဲ့အတွက် ကန့်ကွက်တယ်။ ကန့်ကွက်ပေမဲ့လို့ Expert Report ကို ရုံးကနေ သက်သေခံဥပဒေအရ ခြွင်းချက်အရ အသစ်ပြဋ္ဌာန်းထားတဲ့ သက်သေခံဥပဒေ ပြင်ဆင်ထားတဲ့အရ ဒါကိုလက်ခံတယ်” ဟု မီဒီယာများသို့ ဖြေကြားသည်။

ထို့နောက် အမှုကို မေ ၂၈ ၊ ၂၉ ရက် များသို့ ပြန်လည်ချိန်းဆိုခဲ့ပြီး တရားလိုပြ သက်သေများ ဆက်လက်စစ်ဆေးသွားမည် ဖြစ်သည်။ အဆိုပါအမှုတွင် တရားလိုပြသက်သေ ၂၅ ဦးတင်သွင်းထားပြီး သက်သေနှစ်ဦးကို ပယ်ဖျက်ထားကြောင်း၊ ၂၀ ဦး စစ်ဆေးပြီးသဖြင့် နောက်ထပ်သက်သေ သုံးဦးခန့်စစ်ဆေးရန် ကျန်ရှိကြောင်း သိရသည်။

သတင်းထောက်နှစ်ဦး၏ရှေ့နေ ဦးသန်း ဇော်အောင်က “ထူးခြားတာကတော့ ဒီအမှုမှာ စီအိုင်ဒီကနေ ကျွမ်းကျင်သူထင်မြင်ချက်ဆိုပြီး ပေးထားတာရှိတယ်။ အဲဒီမှာ ပေးထားတာက ရဲအရာရှိတစ်ယောက်။ မနေ့နဲ့ ဒီနေ့ သက်သေခံထွက်သွားတဲ့ ရဲအရာရှိကတစ်ယောက်။ အဲဒီတော့  ဒီဟာပေါ်မှာ Cellebrite brite Software ဆိုတာ သုံးတယ်။ Cellebrite brite Software ကိုသုံးတဲ့သူရဲ့  Certification က ရှိရတယ်။ ဒီဟာကိုသုံးခွင့်ရှိတယ် ဆိုတဲ့အကြောင်း။ ဒီ Report တွေမှာက ရဲမှူးဝင်းကိုကိုထွန်းက ရီပို့လုပ်ထားတာ။ ကျွမ်းကျင်သူ ထင်မြင်ချက်ဆိုပြီးတော့။ နေပြည်တော်ကနေပို့ထားတဲ့ဟာ။ ဒါပေမဲ့ ဒီကို သက်သေခံလာထွက်တာက ရဲမှူးအောင်ကျော်ဆန်းက လာထွက်တယ်။ အဲဒီတော့ ခုနကလို  Cellebrite Software ကို သုံးခွင့်ရှိတယ်ဆိုတာ Certification က ရုံးမှာ ထင်ရှားခြင်း မရှိဘူး” ဟု ပြောကြားသည်။

မြန်မာသတင်းထောက် ကိုသက်ဦးမောင် (ခေါ်) ဝလုံးနှင့် ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့နှစ်ဦးကို အစိုးရလျှို့ဝှက် စာရွက်စာတမ်းများနှင့်အတူ တွေ့ရှိသည်ဟုဆို ကာ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ - ၃(၁)(ဂ)ဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ   ဒုတိယရဲမှူးကြီး ယုနိုင်က တရားလိုပြုလုပ်၍ မြောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

Most Read

Most Recent