တစ်လအတွင်း စက်သုံးဆီ တစ်လီတာကို ကျပ် ၁၀၀ အထိ မြင့်တက်ခဲ့ပြီး ဆက်လက်ဖြစ်ပေါ်မည့် ဈေးနှုန်းအတက်အကျကို မခန့်မှန်းနိုင်ဟု ဆို

တစ်လအတွင်း စက်သုံးဆီ တစ်လီတာကို ကျပ် ၁၀၀ အထိ မြင့်တက်ခဲ့ပြီး ဆက်လက်ဖြစ်ပေါ်မည့် ဈေးနှုန်းအတက်အကျကို မခန့်မှန်းနိုင်ဟု ဆို
Published 24 May 2018

ပြည်တွင်း စက်သုံးဆီဈေးနှုန်းသည် တစ်လအတွင်း တစ်လီတာကို ကျပ် ၁၀၀ အထိ မြင့်တက်ခဲ့ပြီး ဆက်လက်ဖြစ်ပေါ်မည် ဈေးနှုန်းအတက်အကျကို မခန့်မှန်းနိုင်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောကြားသည်။

“ဒီနေ့ ဈေးကိုတန်ရာတန်ဈေးအောက်ကို လျှော့ပြီးရောင်းတဲ့သူဟာ သူ့ရဲ့ Idea ဘာရှိတယ်ဆိုတာ ကျွန်တော်လည်း မသိနိုင်ဘူး။ ဒီနေ့ နိုင်ငံခြားမှာ ဈေးတွေတအားတက်နေတယ်။ အဲဒီ ဈေးတွေတက်တယ်ဆိုတာ မနက်ဖြန် ထပ်တက်ဦးမလား ပြောတဲ့သူက နံကြားထောက်ပြောတာပါ” ဟု ဒေါက်တာဝင်းမြင့်က ပြောသည်။

နိုင်ငံတကာ၌ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုနှင့် ဒေါ်လာဈေးနှုန်းမြင့်တက်မှုများကြောင့် တစ်လအတွင်း ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများမှာလည်း တစ်လီတာကို ကျပ် ၁၀၀ ခန့်အထိ မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအသင်းမှ သိရသည်။

လက်ရှိအချိန်တွင် စက်သုံးဆီအရောင်းဆိုင်များမှ နိုင်ငံတကာဈေးနှုန်းထက် လေးရာခိုင်နှုန်းကျော် အရှုံးခံရောင်းချနေသော်လည်း ယင်းအရှုံးခံရောင်းချမှုသည် စာရွက်ပေါ်၌သာ အရှုံးပေါ်နေခြင်းဖြစ်ကြောင်း ဒေါက်တာဝင်းမြင့်က ပြောကြားသည်။

ယင်းကဲ့သို့ အရှုံးခံရောင်းနိုင်ခြင်းသည် ယခင်က စက်သုံးဆီဈေးနှုန်း အနိမ့်ဖြင့်ရထားသည့်ဆီများကို လက်ရှိရောက်ရှိနေသည့် ဈေးနှုန်းအတိုင်း ဈေးနှုန်းတက်မရောင်းချဘဲ လေးရာခိုင်နှုန်းကျော် လျှော့ရောင်းခြင်း ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာစက်သုံးဆီဈေးနှုန်း မြင့်တက်လာသည့် ကာလတွင်တင်သွင်းကာ ရောင်းချသည့်ဆိုင်များ အနေဖြင့် ရှုံးနိုင်ကြောင်း ၎င်းကရှင်းလင်း ပြောပြသည်။

နိုင်ငံခြားငွေလဲနှုန်းသည်မေလအတွင်း သိသိသာသာမြင့်တက်ခဲ့ပြီး ဧပြီလကုန်ပိုင်းက တစ်ဒေါ်လာ ၁၃၃၁ ကျပ်ဝန်းကျင်ရှိသော  ဒေါ်လာဈေးသည် မေ ၁၈ ရက်တွင် ၁၃၄၇ ကျပ်အထိ မြင့်တက်ခဲ့သည်။ ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းသည် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း၊  နိုင်ငံခြားငွေလဲနှုန်းနှင့် သယ်ယူပို့ဆောင်ရေး စရိတ်အပေါ်အခြေခံပြီး ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ ထုတ်ပြန်ထားသော မေ ၁၈ ရက်တွင် ပြည်ပမှဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်း (တစ်စည်) များမှာ 92 Ron ၈၉ ဒသမ ၄၂ ဒေါ်လာ၊ 95 Ron ၉၂ ဒသမ ၂၅၀ ဒေါ်လာ၊ ဒီဇယ် ၉၂ ဒသမ ၀၄ ဒေါ်လာ၊ ပရီမီယံဒီဇယ် ၉၃ ဒသမ ၁၄ ဒေါ်လာတို့ဖြစ်ပြီး ဧပြီ ၃၀ ရက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက 92 Ron သည် ၈ ဒသမ ၁၈ ဒေါ်လာ၊ 95 Ron သည် ၈ ဒသမ ၀၄ ဒေါ်လာ၊ ဒီဇယ် ၅ ဒသမ ၆ ဒေါ်လာ၊ ပရီမီယံဒီဇယ် ၅ ဒသမ ၉၄ ဒေါ်လာ မြင့်တက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent