<

သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါတစ်စုက Grade-2 သင်တန်းမှ ဆရာများအား ဥပဒေမဲ့ ပြုကျင့်မှုအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများ အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး တာဝန်ရှိသူများ လာရောက်စစ်ဆေး၍ မှားသည့်သူအား အရေးယူရန် ဇရပ်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး အကြောင်းပြန်

ပြီးခဲ့သည့် မေ ၂၀ ရက် ည ၁၀ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာ အထကကျောင်းတွင် Grade-2 မွမ်းမံသင်တန်း တက်ရောက်နေသည့် ကျောင်းဆရာများနှင့် ဒေသခံများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည့် ကိစ္စနှင့်စပ်လျဉ်း၍ ဇရပ်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါတစ်စုက Grade-2 သင်တန်းမှ ဆရာများအား ဥပဒေမဲ့ ပြုကျင့်မှုအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ပြီး တာဝန်ရှိသူများ လာရောက်စစ်ဆေး၍ မှားသည့်သူအား အရေးယူပေးရန် ဇရပ်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးက အကြောင်းပြန်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါ တစ်စုသည် ပြီးခဲ့သည့် မေ ၂၀ ရက်ညက ဇရပ်ကွင်း အထကသို့ Grade-2 သင်တန်း တက်ရောက်နေသည့် ဆရာများကို ညပိုင်းဂစ်တာတီးသည်ဟူသော အကြောင်းပြချက်ဖြင့် အပြင်းအထန် ဒဏ်ရာရသည်အထိ ရိုက်နှက်ခြင်း၊ ဆရာများ၏ ဂုဏ်သိက္ခာကို မထောက်ဘဲ လက်ထိပ်နောက်ပြန်ခတ်ခြင်း၊ ကူညီရန် လိုက်လာသည့် ဆရာများကိုလည်း ခြိမ်းခြောက်ပြောဆိုခြင်း စသော ဥပဒေမဲ့ အနိုင်အထက် ပြုကျင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း စိတ်မကောင်းဖြစ်ဖွယ် ကြားသိခဲ့ရသည်။

အဆိုပါ လုပ်ရပ်များကို ပြုကျင့်ခဲ့သော ဇရပ်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများကို မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် အနေဖြင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း၊ ထိုသို့ နိုင်ငံ့ဝန်ထမ်း ဆရာများအပေါ် ဥပဒေမဲ့ အနိုင်အထက် ပြုကျင့်ခြင်းသည် ကာယကံရှင် ဆရာများကို သာမကဘဲ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ဆရာ၊ ဆရာမများကိုပါ စော်ကားခြင်း ဖြစ်သည်ဟု မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်အနေဖြင့် ယူဆပါသည်။

ထို့ကြောင့် ဥပဒေမဲ့ အနိုင်အထက် ပြုကျင့်သော အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများကို မိမိတို့ အဖွဲ့ချုပ် အနေဖြင့် တရားဥပဒေကြောင်းအရ တုံ့ပြန်သွားမည်ဖြစ်ကြောင်း အသိပေးအပ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က မေ ၂၂ ရက် နေ့စွဲဖြင့် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဇရပ်ကွင်းကျေးရွာ ဒေသခံများက ကာလသားတစ်စု သောက်စားပျော်ပါး၍ ဂီတာတီးခတ်နေသဖြင့် ထိန်းသိမ်းပေးရန် ဖုန်းဆက် အကြောင်းကြားသဖြင့် မေ ၂၀ ရက်ည ၁၀ နာရီ ၁၅ မိနစ်ခန့်က ဇရပ်ကွင်းကျေးရွာ ရပ်ကွက် (၁) သို့ ထွက်လာခဲ့ကာ ဂစ်တာတီးနေသည့် လူငယ်များအား မေးမြန်းကြည့်ရာ မိမိတို့ ဒေသခံများ မဟုတ်ဘဲ အခြားနယ်များမှ လာရောက် သင်တန်းတက်နေသည့် ကျောင်းဆရာများ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဇရပ်ကွင်းဒေသသည် နယ်မြေကြမ်းသောဒေသ ဖြစ်သဖြင့် ည ၉ နာရီကျော်ပါက ဂစ်တာတီးခတ်ခြင်း မပြုရန် တားမြစ်ထားကြောင်း အသိပေးခဲ့သည်ဟု ဇရပ်ကွင်း အုပ်ချုပ်ရေးမှူး ဦးစောချစ်ညွန့်က ပြောကြားသည်။

“အဲဒီလို အသိပေးလိုက်တော့ ဂစ်တာလာတီးတဲ့ ကျောင်းဆရာအုပ်စုက အေးအေးဆေးဆေးပဲ။ သူတို့မသိလို့ တီးမိတာပါဆိုပြီး ပြန်ကြတယ်။ သူတို့အုပ်စုက ဆိုင်ကယ်တွေနဲ့ လာကြတာပါ။ ဆယ့်လေးငါးယောက် လောက်ပါတယ်။ နောက်ဆုံး ဆိုင်ကယ်မှာပါတဲ့ သူတစ်ယောက်က ဟာ….ဂစ်တာတီးတာတောင် လာပိတ်တယ်။ မင်းတို့ကောင်တွေ သတ္တိရှိရင် ငါ့ရွာလိုက်ခဲ့။ ဘာညာနဲ့ ဆဲဆိုလိုက်တော့ အခြေအနေကြည့်နေတဲ့ ရွာခံလူငယ်တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အဲဒီဆိုင်ကယ်က ကျောင်းဘေးက ကုက္ကိုပင်ကြီးကို ၀င်တိုက်မိသွားတယ်။ ဒါနဲ့ ကျွန်တော်လည်း မဖြစ်တော့ဘူးဆိုပြီး ရဲကင်းမှူးကို ဖုန်းဆက် အကြောင်းကြား၊ သူတို့ကိုလည်း ရွာခံတွေနဲ့ ထပ်ရန်မဖြစ်ရအောင် ၀င်တားမြစ်ပြီး ဒေသခံတွေ ကျေနပ်အောင် သူတို့ကို လက်ထိပ်ခတ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ခေါ်လာခဲ့ပါတယ်။ ရုံးကိုရောက်တော့ ပညာရေးမှူးကို ဖုန်းဆက် အကြောင်းကြားတယ်။ လက်ထောက် ပညာရေးမှူးလည်း ကျွန်တော်တို့ဘေးနားမှာ ရှိပါတယ်။ ကျွန်တော်က အထက်ကို တင်ပြမယ်ဆိုတော့ ကလေးတွေ အလကားနေရင်း နစ်နာနေပါမယ်။ ဒီမှာပဲ ကျေအေးလိုက်ပါဆိုပြီး ပညာရေးမှူးနဲ့ ဒုပညာရေးမှူးက ပြောတာနဲ့ အဲဒီမှာတင် တစ်ခါတည်း ကျေအေးလွှာ ထိုးပေးလိုက်တယ်။ နောက်ရက်ကျ Facebook ပေါ်မှာ လိုရာဆွဲပြီး တစ်ဖက်သတ် ရေးတင်နေကြတာပါ။ ဒီဖြစ်စဉ်အပေါ် သူတို့ဘက်က အမှုဖွင့်တယ် ဆိုရင်လည်း အဖြစ်မှန်ကို တကယ်စစ်ဆေးလိုက်လို့ သူတို့အတွက် နစ်နာသွားမယ်ဆိုရင် ကျွန်တော့်ဘက်က စိတ်မကောင်း ဖြစ်ရုံပါပဲ။ တာဝန်ရှိသူတွေ လာစစ်ဆေးပါ။ မှားတယ်ဆိုရင် မှားတဲ့သူကို အရေးယူပါလို့ ကျွန်တော့်ဘက်က ပြောချင်ပါတယ်” ဟု ဦးစောချစ်ညွန့်က ပြောကြားသည်။

ဇရပ်ကွင်းဖြစ်စဉ်အား မည်သည့်ဘက်ကမှ လာရောက် အမှုဖွင့် တိုင်ကြားခြင်း မရှိကြောင်း၊ မိမိမှာ အမှုတစ်ခု လိုက်နေသဖြင့် ဖြစ်စဉ်အသေးစိတ်ကို လတ်တလော ဖြေကြားနိုင်သေးခြင်း မရှိကြောင်း ဇရပ်ကွင်း ရဲအုပ်မျိုးမင်းလွင်က အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြောကြားသည်။

လူမှုကွန်ရက်တွင် ကျောင်းဆရာဟု ယူဆရသူ အရပ်ဝတ်ဖြင့် လူငယ်သုံးဦးက ကြမ်းပေါ်တွင် ထိုင်နေသည့်ပုံများ ပျံ့နှံ့နေပြီး ကျောင်းဆရာများက တောင်းပန်သော်လည်း လက်ထိပ်ခတ်၍ ရိုက်နှက်ကာ အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်သွားပြီး အနိုင်ကျင့် ပြောဆိုသောကြောင့် ခံဝန်လက်မှတ် ရေးထိုးခဲ့ကြသည်ဆိုသည့် ရေးသားချက်များ ပျံ့နှံ့နေပြီး တစ်ဆင့် ဖြန့်ဝေသူများ အများအပြား ရှိသည်ကို တွေ့ရသည်။

May 22, 2018














Copy Protected by Chetan's WP-Copyprotect.